ရေဖြူ၊ ဇွန် ၁၁

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရာဖူးရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းစစ်ကြောင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က တပ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ လမ်းပိုင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား ရာဖူးရွာသစ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သား ၆ ဦး သေဆုံးခဲ့သလို ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းစစ် ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မောရဝတီရေတပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဖူးရွာသစ်က နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်လေးဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရာဖူးရွာသစ်ကျေးရွာနဲ့ သာယာမွန်ကျေးရွာက ရော်ဘာခြံမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အ မျိုးသမီးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရာဖူးရွာသစ်၊ သာ ယာမွန်၊ မိုင်ခြောက်ဆယ်၊ မရမ်းချောင်း နဲ့ မိုင်ခြောက်ဆယ်စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ရာဖူးရွာကျေးရွာနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေ ထိုင်နေပြီး အဲဒီဒေသတဝိုက်မှာ နယ်မြေစိုးမိုးမှုအတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန် လည်ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် အဲဒီလမ်းပိုင်းကို ဇွန် ၉ ရက်နေ့ကစပြီး အရေးတကြီးမလိုအပ်ပါက လုံးဝလုံးဝအသုံးမပြုကြဖို့ မဟာမိတ်ပူးပေါင်းတပ်တွေက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်သစ်ပါတီ NMSP AD ၊ ကော်သူးလေတပ်မတော် KTLA နဲ့ ဒရုန်းအထူးတပ်ဖွဲ့ SDDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်မှ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့ကလည်း ကလိန်အောင်- ထားဝယ် လမ်းပိုင်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.