ဘန်ကောက်၊ ဇွန် ၁၀

ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကနေ မိမိတို့ပါတီကို ဖျက်သိမ်းပိုင်ခွင့် မရှိဘူးလို့ Move Forward Party က ပြောကြားခဲ့ပြီး ဘုရင့်နန်းတော် စော်ကားမှုနဲ့ ပတ်သက်လို့ ပါတီရဲ့ ရပ်တည်ချက်အတွက် အရင်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပါတီဖျက်သိမ်းရေး အမှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။

MFP ပါတီ အကြံပေးအရာရှိချုပ် ခေါင်းဆောင်ဟောင်း ဖိထာ လင်ဂျာရိုအန်ရတ်က မိမိနဲ့ မိမိပါတီရဲ့ တရားရေးအဖွဲ့ဟာ ဖွဲ့စည်းပုံကို လေ့လာခဲ့ပြီး တရားရုံးမှာ နိုင်ငံရေးပါတီတစ်ခုကို ဖျက်သိမ်းပိုင်ခွင့် ဒါမှမဟုတ် ပါတီရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို ရုတ်သိမ်းပိုင်ခွင့် ပြုထားတဲ့ ဥပဒေပုဒ်မ မတွေ့ရဘူးလို့ ဇွန် ၉ ရက်နေ့က ပါတီဌာနချုပ်မှာ ပြောကြားခဲ့တာပါ။

မိမိရဲ့ ပါတီအနေနဲ့ ပါတီဖျက်သိမ်းခိုင်းထားတဲ့ အမှုနဲ့ ပတ်သက်လို့ သတင်းအချက်အလက် လုံလုံလောက်လောက် မရရှိသလို မိမိတို့ ပါတီ အပေါ်စွပ်စွဲထားတဲ့ အချက်တွေအတွက် ခုခံချေပမယ့် အခွင့်အရေးလည်း မရရှိဘူးဖြစ်နေတယ်လို့ အကြံပေးအရာရှိချုပ် ဖိထာက ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ အမှုနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း ဖိထာက ပြောပါတယ်။

ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး ကြိုးပမ်းမှုတွေကို MFP ပါတီအနေနဲ့ ရပ်တန့်ရမှာဖြစ်ကြောင်း ဖွဲ့စည်းပုံ တရားရုံးက ဇန်နဝါရီ ၃၁ ရက် ဆုံးဖြတ်ခဲ့ပါတယ်။


ဒီသတိပေးချက်ဟာ မဖြစ်ပွားသေးတဲ့ ကိစ္စတစ်ခုနဲ့ သက်ဆိုင်နေတယ်လို့ ဖိထာက ပြောပါတယ်။

နိုင်ငံရေးပါတီတွေကို ဒီမိုကရေစီကာကွယ်ရေးအတွက်ပဲ ဖျက်သိမ်း ခိုင်းသင့်ပြီး အခြားဖြေရှင်းချက်မရှိတဲ့ အရေးတကြီး ပြဿနာတွေကို တိုက်ဖျက်ရေးအတွက်ပဲ ပါတီ ဖျက်သိမ်းခိုင်းတာမျိုး မလုပ်သင့်ဘူးလို့ ဖိထာက ပြောပါတယ်။

ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးကြိုးပမ်းမှုတွေဟာ သဘောသဘာဝအားဖြင့် လွှတ်တော်ကို အဆိုပြုရတာဖြစ်ပေမယ့် အဲဒီလိုအဆိုပြုမှုတွေ လွှတ်တော်ထဲအထိ မရောက်သေးဘူးလို့ ဖိထာက ပြောပါတယ်။

အဲဒီလို အဆိုပြုမှုတွေ လွှတ်တော်ထဲအထိ ရောက်လာပြီဆိုရင်တောင် လွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ဘုရင့်နန်းတော်စနစ်ကို ကာကွယ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချနိုင်ပါသေးတယ်။

ဒါကြောင့် ပါတီဖျက်သိမ်းခိုင်းဖို့ မလိုအပ်ဘူးလို့ MFP ပါတီ ခေါင်းဆောင်ဟောင်း ဖိထာက ပြောကြားခဲ့ပါတယ်။

Ref: Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.