မန္တလေး၊ ဇွန် ၈

အကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားတွေ အစုံလိုက်အပြုံလိုက် ယားနာရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMထံကနေ သိရပါတယ်။

မန္တလေးအကျဉ်းထောင်ဟာ အကျဉ်းသား ၃၀၀၀ ဝန်းကျင်ဆန့်တဲ့ ထောင်တစ်ထောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးမှုကြောင့် နိုင်ငံရေးအကျဉ်း သားအပါအဝင် အကျဉ်းသား ၅၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

လက်ရှိအကျဉ်းထောင်မှာ အကျဉ်းသား ၅၀ နီးပါးသာ ထားလေ့ရှိတဲ့ အဆောင်တွေမှာ လူဦးရေ ၁၀၀ နဲ့ ၁၅၀ ဝန်းကျင်အထိ စုပြုံထားပြီး ထပ်ခိုးရှိတဲ့ အဆောင်တွေမှာ အကျဉ်းသား ၂၀၀ လောက်အထိ စုပြုံထားတယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက အကျဉ်းသားတွေဟာ သေဆုံးသွားတဲ့ လူတစ်ယောက်ကိုထားတဲ့ တစ်ပေခွဲ ခုနှစ်ပေဝန်းကျင်မှသာ အိပ်နေရတာကြောင့် ရှင်လျက်နဲ့ သေနေတဲ့လူတွေဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဥပမာ သေဆုံးသွားတဲ့ လူတစ်ယောက်ကိုထားတဲ့ အလောင်းထည့်တဲ့ စင်တွေလောက်ပဲ ကျွန် တော်တို့ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အိပ်နေကြရတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် ရှင်လျက်နဲ့ သေနေတဲ့လူတွေလို ကျွန်တော်တို့အားလုံးက ရှိတဲ့နေရာလေးတစ်ခုမှာ ပူးညှပ်စွာနဲ့ ကြပ်ကြပ်ညှပ်ညှပ် အိပ်နေကြရတယ်”လို့ ဆိုပါတယ်။

ဒါကြောင့် အကျဉ်းသားတွေဟာ ညအိပ်ယာဝင်ချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ထပ်လုနီး ပါးအိပ်နေရပြီး နွေရာသီအချိန်က အပူဒဏ်ကို အပြင်းအထန်ခံစားကြရသလို လက်ရှိမိုးတွင်းကာ လမှာလည်း အဝတ်အစားတွေခြောက်ဖို့ ခက်ခဲတဲ့အပြင် အဝတ်အစားတွေ လုံလောက်စွာမရရှိတာနဲ့ အဝတ်စိုတွေ ဝတ်ရတာကြောင့် ယားနာနဲ့ ပွေးဝဲရောဂါတွေ ခံစားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း အကျဉ်းသူတွေဖြစ်တဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေနဲ့ မီးဖွားပြီးသား နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ဟာလည်း စနစ်ကြတဲ့ နေရာထိုင်ခင်းတွေ စီမံပေးထားတွေ မရှိတာကြောင့် အကျဉ်းသူတွေနဲ့ ကလေးတွေမှာလည်း အပူနာတွေနဲ့ မိတ်ဖုတွေ စွဲကပ်ခံစားနေရတယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေမှာ ယားနာ ပွေးဝဲ အပူနာနဲ့ မိတ်ဖုစတဲ့ ရောဂါတွေ ဖြစ်ပွားမှုတွေ ရှိနေပေမယ့် ထောင်အာဏာပိုင်တွေဘက်က လုံလုံလောက်တဲ့ ဆေးဝါးကုသပေးမှုမရှိဘဲ နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေဟာ ရှေ့တန်းစစ်မြေပြင်သဖွယ် ဆိုးရွားနေပြီး အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေအပါအဝင် အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လာဘ်စားမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာပါ။

PPNM ကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၊ ကုမ္ဘာ့ကုသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အာရုံစိုက်ဆောင်ရွက်ပေးကြဖို့ တိုက် တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.