စလင်း ဇွန် ၇

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူ ငါးရက်အတွင်း ခြောက်ဆယ်နီးပါးရှိနေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စလင်းမြို့နယ်ထဲက စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့က ဒေသခံ ၆၀ နီးပါးဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်သွယ်ပြတ်နေတာလည်း ဖြစ်ပါတယ်။

“လူငယ်တွေ အမျိုးသားရော အမျိုးသမီးရော၊ တစ်ခါဖမ်းရင် အများကြီးပဲ။ ပြန်လွတ်လာတာကနည်းတယ်။ ငါးဆယ် ခြောက်ဆယ်ထက်ပိုများနိုင်တယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇွန် ၃ ရက်ကနေ ၇ ရက်အထိ ဖမ်းဆီးနေတာဖြစ်ပြီးတော့ ဇွန် ၃ ရက်နေ့မှာတင် ကူတိုရွာက ဒေသခံ ၃၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

ဇွန် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ စလင်းမြို့နယ်ထဲမှ ဆင်ကျုံးရွာနဲ့ ဆင်ဖြူကျွန်းမြို့တို့က ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရလို့ စုစုပေါင်းဖမ်းဆီးခံရသူ ၆၀ ဝန်းကျင်ရှိနေတာပါ။

စစ်ကောင်စီလက်အောက်ခံရဲနဲ့ စစ်သားပူးပေါင်းအင်အား ၃၀ ဝန်းကျင်က ညနေ ကျောင်းဆင်းချိန်အပြီးမှာ ပစ်မှတ်ထားစစ်ဆေးဖမ်းဆီးတာတွေပြုလုပ်ပြီး ဖမ်းဆီးခံရသူတွေထဲက ပြန်လွတ်လာသူအနည်းငယ်သာရှိပါတယ်။

“ဆိုင်ကယ်နှစ်ယောက်စီးလို့ အဖမ်းခံရတဲ့ လင်မယားပဲ ပြန်လွတ်တယ်။ ကျန်တဲ့သူတွေနဲ့ အဆက်သွယ်မရဘူး။ ပြန်လွတ်လာသူတွေတောင် သိန်း ဆယ်နဲ့ချီပြီးပေးရတယ်။” လို့ စလင်းမြို့မ စျေးအနီးနေထိုင်သူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ညဘက်မှာ ရွာတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ၊ ကင်းပတ်ရင်းနဲ့ ဖမ်းဆီးတာတွေလည်းပြုလုပ်နေတာဖြစ်ပါတယ်။

ဇွန် ၆ ရက်ညပိုင်းက ကင်းပတ်ရင်း ဖမ်းဆီးခံရသူ သုံးဦးကိုလည်း ငွေကျပ် ၁၅ သိန်း(တစ်ယောက်လျှင် ၅သိန်းနှုန်း) တောင်းပြီး ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေတာလည်းရှိပြီး ဒီစစ်ကြောင်းတွေမှာ စစ်မှုထမ်းဖို့မဲပေါက်သူတွေနဲ့ ပျူစောထီးအသစ်တွေကိုပါ အသုံးပြုနေတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။

“ပွင့်ဖြူဘက်က စစ်မှုထမ်းမဲပေါက်သူတွေကို စလင်းတိုက်ပွဲတွေမှာတန်းပြီးအသုံးပြုတာ။ စစ်မှုထမ်းဖို့ဆော်သြသူတွေကို ကျွန်တော်တို့ထိထိရောက်ရောက်အရေးယူနေတော့ အုပ်ကြီးအပြောင်းအလဲတွေ၊အုပ်ကြီးပြေးတာတွေရှိတယ်။ ဒါကိုအခွင့်ကောင်းယူပြီး အုပ်ကြီးမရှိတဲ့ရွာတွေကို စခတွေက ဝင်လာတာ။” လို့ မင်းဘူးခရိုင်အတွင်းက ကာကွယ်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်မှုထမ်းဖို့ မဲပေါက်သူကို မတွေ့ရင်လည်း ၎င်းရဲ့မိသားစုဝင်တွေကို ဦးတည်ဖမ်းတာမျိုးပြုလုပ်ပြီး ဆင်ကျုံးရွာက အသက် ၇၀ အရွယ် အမေအိုတစ်ဦးနဲ့ စလင်းမြို့နယ်က မဲပေါက်သူရဲ့ ယောက်ဖတစ်ဦးတို့ ဖမ်းဆီးခံရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဆေးရေးတွေမှာ ဖမ်းဆီးတာဟာ ဖုန်းထဲက VPN ကိုအကြောင်းပြုဖမ်းဆီးတာမျိုးတွေလည်းရှိပြီး VPN အသုံးပြုလို့ ထောင် ၈ နှစ်ကျနိုင်ကြောင်းခြိမ်းခြောက်တယ်လို့ သိရပါတယ်။

ထောင် ၈ နှစ်အကျမခံနိုင်ပါက ငွေသိန်းဆယ်ချီတောင်းသလို မပေးနိုင်ပါက စစ်မှုထမ်းရမယ်ဆိုပြီးခေါ်​ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်မှာ ဧပြီလကစပြီး တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းရန်ကြောင့်စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ ဆယ်ရွာမကရှိလာပြီး စစ်ကောင်စီက စခန်း ၂ခုထက်မနည်းကိုလည်း လက်လွှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.