ဘီးလင်း၊ ဇွန် ၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီးမှာ မနေ့ ဇွန် ၆ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ယွန်းဒလင်းကုန်းကျေးရွာဘက်ကနေ တောင်စွန်းရဲစခန်းဆီ ဆိုင်ကယ်နဲ့တစ်ဦးတည်းပြန်လာတဲ့ ရဲတပ်ကြပ်ကြီး တင်လှကို အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်လာပြီး အနီးကပ်ပစ်သတ်သွားခဲ့တာပါ။

“သူ(ရဲတပ်ကြပ်ကြီး)ဆိုင်ကယ်နဲ့လာတာကို အနောက်ကနေလိုက်လာပြီး သေနတ်နဲ့ပစ်တာ။ ၆ ချက်လောက် ရှိတယ်။ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” လို့ ဘီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ရဲတပ်ကြပ်ကြီးတင်လှဟာ ရင်ဘတ်နဲ့ ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် အလောင်းကို ဘီးလင်းဆေးရုံဆီ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ရဲတပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းမှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လအထိ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပါအဝင် သတင်းပေးဒလန် ၁၂ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.