တနင်္သာရီ၊ ဇွန် ၇
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၆၁ တပ်ရင်းက တပ်သားတစ်ဦးဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ခမရ ၅၆၁ တပ်က တပ်သား စိုင်းကိုဟာ ဇွန် ၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ သူကိုယ်သူ သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့တာပါ။
တပ်သားစိုင်းကိုဟာ ညောင်ပင်ကွင်းတံတားဂိတ်မှာ တာဝန်ကျနေတာ ၆ လကျော် ရှိနေပြီး မိသားစုနဲ့အတူမနေရတာ၊ အထက်အရာရှိတွေရဲ့ဖိအားတွေနဲ့နေ့တိုင်းနီးပါးရင်ဆိုင်နေရတာကြောင့် အဆုံးစီရင်သွားတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဆုံးစီရင်ပြီး သေဆုံးသွားတဲ့ တပ်သားစိုင်းကိုရဲ့အလောင်းကိုတော့ ခမရ ၅၆၁ တပ်ရင်းထဲကိုပြန်သယ်သွားပြီး ပြင်ပကိုသတင်းမပေါက်အောင် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တန်းပြည့်စစ်မှုထမ်းနေရတဲ့အပြင် အထက်အရာရှိတွေရဲ့ဖိအားပေးတာ၊ တော်လှန်ရေးအဖွဲ့တွေက မကြာခဏ လာရောက်တိုက်ခိုက်မှုတွေကြောင့် စိတ်ဓာတ်ကျဆင်းနေသူတွေ များနေပါတယ်။
စစ်ကောင်စီအောက်ခြေတပ်သားတွေဟာ စစ်မှုထမ်းစာချုပ်အရ စစ်သက် ၅ နှစ်ပြည့်ပါက စစ်တပ်ကနေ ထွက်လို့ရတယ်လို့ ဆိုထားပေမယ် လက်တွေ့မှာထွက်ခွင့်မရတာကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကျဆင်းနေကြပါတယ်။
တနင်္သာရီမြို့နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်သားတွေဟာ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်တာတွေ ရှိပေမယ့် အခုလို အဆုံးစီရင်မှုဟာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ခမရ ၅၆၁ တပ်ရင်းလက်အောက်ခံ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှ ပြည်သူ့စစ်တစ်ဦး လက်နက်အပြည့်စုံနဲ့ မြိတ်ခရိုင်တပ်ရင်း ၂ ထံ အလင်းဝင်ခဲ့ပြီး AK ၁ လက်၊ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၈ တောင့်ပါရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – အာဏာသိမ်းကာလအတွင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တွေ့ရစဉ်။