စစ်တွေ ၊ ဇွန် ၇

စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ ဇွန် ၆ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်ကတပ်ဖွဲ့ဝင်တချို့နဲ့ စစ်သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်တွေ စတဲ့ အင်အား ၁၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူ ၇၆ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို အမျိုမျိုးနှိပ်စက်ညှင်းပန်းတာ၊ အမျိုးသမီးတချို့ကို မုဒိမ်းကျင့်တာ၊ ရွှေငွေပစ္စည်းတွေ လုယက်တာ၊အိမ်တွေကို မီးရှို့တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲကျူးလွန်နေတဲ့အပေါ် MNDAA နဲ့ TNLA တို့က အပြင်းအထန် ကန့်ကွက်ရှုတ်ချတာလိုက်ပါ။

အခုလိုကျူးလွန်မှုမျိုးကို ရခိုင်မှာသာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ဖို့နဲ့ အမြန်ဆုံး ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို MNDAA နဲ့ TNLA တို့က သတိပေးလိုက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူအားလုံးရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကိုးကန့်၊ တအာင်း၊ ရခိုင် ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ လက်ရှိကာလအထိ မြန်မာပြည်စစ်မြေပြင် တစ်နံတစ်လျားမှာ စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အပြင် ဘက်ပေါင်းစုံမှာလည်း ကြီးမားတဲ့ ဆုံးရှုံးမှုကို ဆက်တိုက်ကြုံလာရတဲ့အတွက် အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပိုမိုတိုက်ခိုက်လာနေတာလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူတွေအားလုံး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ရန်ကနေ ကင်းဝေးကြစေဖို့အတွက် လေကြောင်းရန်နဲ့ စစ်ရေးသတိရှိကြဖို့ MNDAA နဲ့ TNLA တို့ အထူးတိုက်တွန်းတာပါ။

တစ်ဘက်မှာ မြန်မာလူထုတစ်ရပ်လုံးအတွက် စစ်ကောင်စီရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ထိရောက်စွာ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို MNDAA နဲ့ TNLA တို့ အထူးမေတ္တာရပ်ခံတောင်းဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MWD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.