ချီဗွေ၊ ဇွန် ၆

ကချင်ပြည်နယ် ချီဗွေမြို့ရှိ မြေရှားသတ္ထုရှာဖွေရေး မိုင်းတွင်းတစ်ခုမှာ မြေပြိုမှုကြောင့် တရုတ်နိုင်ငံသား တစ်ဦး အပါအဝင် သေဆုံးနေသူ လူ ၅ ဦး ကို ကယ်ဆယ်ရေးသမားတွေက ဇွန် ၅ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်မိနေသူ ၂၅ ဦးကို ဆက်လက်ရှာဖွေနေကြောင်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။

ချီဗွေမြို့ရှိ မြေရှားသတ္ထုမိုင်းတွင်းမှာ ဇွန် ၅ ရက်နေ့ မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားပြီး လူ ၂၅ ဦး ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းဝါရွာနဲ့ ၅မိုင် အကွာ တရုတ်နယ်စပ်ဂိတ် အမှတ်(၃)အနီးရှိ မြေရှားသတ္ထုတူးဖော်ရာနေရာမှာ ပုံမှန်လုပ်ငန်းတွေ လုပ်ကိုင်နေချိန် မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အလုပ်လုပ်နေချိန်မှာ မြေပြိုကျတာပါ။ တရုတ်ဆိုဒ် မန်နေဂျာ တစ်ယောက် အပါအဝင် အဲဒီထဲမှာ လူ ၂၀ လောက်ရှိနေခဲ့တာလို့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အမည်မဖော်လိုတဲ့ မျက်မြင်သက်သေက ပြောကြား ပါတယ်။

မိုးရာသီ ကျရောက်နေပြီ ဖြစ်တာကြောင့် မြေပြိုမှုတွေဟာ ဆက်လက် ကြုံတွေ့ရမယ့် ပြဿနာဖြစ်တယ်လို့ အဲဒီအမျိုးသားက ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ တရုတ်နိုင်ငံသား အနည်းဆုံး ၃ ဦး ပါဝင်တယ်လို့ ယုံကြည်ရပြီး မိုင်းတွင်းနေရာကို စစ်တပ်ကလုံခြုံရေး တင်းကြပ်ထားသလို ဓာတ်ပုံရိုက်ရင် တရုတ် ယွမ် ၅၀၀၀ ဒဏ်ရိုက်မယ်ဆိုပြီး ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ထားကြောင်း မျက်မြင်သက်သေက ပြောပါတယ်။

မြေရှားသတ္ထုတူးဖော်ရာနေရာမှာ ဇွန် ၄ ရက်နေ့ ညပိုင်းကတည်းက မြေကြီးတွေ မတည်မငြိမ်ဖြစ်နေခဲ့ကြောင်း အဲဒီနေရာမှာ အလုပ်လုပ်နေခဲ့တဲ့ အလုပ်သမား တစ်ဦးက ပြောကြားခဲ့ပါတယ်။

ပထမဆုံးမြေပြိုကျမှု မပြီးဆုံးခင်မှာ နောက်ထပ်ကြီးမားတဲ့ မြေပြိုကျမှု တစ်ခုထပ်မံ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ပထမမြေပြိုကျမှု ဖြစ်ပွားပြီး ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေတဲ့ အလုပ်သမားတွေဟာ ဒုတိယအကြိမ် မြေပြိုကျမှုအတွင်း ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရ မိုးမင်းသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားမှုမရှိသလို တရုတ်သံရုံးကလည်း မှတ်ချက် မပေးသေးပါဘူး။

Ref:RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.