ရေး၊ ဇွန် ၆

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်အပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရေးမြို့နယ်အခြေစိုက် စစ်ကောင် စီရဲ့ အမှတ် ၅၈၈ ခြေမြန်တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ်ပရဟိတအဖွဲ့က မော်လမြိုင်ဆေးရုံသို့ သွားရောက်ပို့ဆောင်စဉ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ဆေးစဉ် ဖမ်းဆီးခံလိုက်ရတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးစဉ် ကားပေါ်ပါလာတဲ့ ဒဏ်ရာရထားတဲ့သူဟာ စစ်ကောင်စီတပ် အရာရှိမှန်းသိရှိသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပြီး လမိုင်းလူငယ်ပရဟိ တအဖွဲ့ဝင်သုံးဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ လမိုင်းလူငယ်ပရဟိတအဖွဲ့ရုံးထံ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီးနောက် အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးသွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းထံ လိုက်ပါသွားတဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်အပါအဝင် အတွင်းရေးမှူးကိုလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သူတို့ ၅ ဦးကို အမှတ် ၅၈၈ ခြေမြန်တပ်ရင်းမှာ ဆက်လက်ဖမ်းဆီးထားပြီး ဇွန် ၅ ရက်နေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ လမိုင်းလူငယ်ပရဟိတအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံထားရတာကြောင့် လူမှုကယ် ဆယ်ရေး လုပ်ငန်းအားလုံးကို ဇွန် ၃ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားတယ်လို့ အဲဒီအဖွဲ့က ကြေညာထားပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ မကြာခဏ ဖမ်း ဆီးစစ်ဆေးခံရတာတွေရှိနေပြီး အဲဒီထဲမှာ မုဒုံနဲ့သံဖြူဇရပ်မြို့နယ်က အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးထောင် ချခံခဲ့ရတယ်လို့ လူမှုကယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန် ၄ ရက်နေ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် အရပ်သားပြည် သူ၂၆၈၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-လမိုင်းပရဟိတအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.