ရေး၊ ဇွန် ၄

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာ ရော်ဘာခြံတစ်ခုမှာ ဇွန် ၁ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ရော်ဘာခြံလုပ်သားနှစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရော်ဘာခြံလုပ်သားတွေဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဇင်မိုးနဲ့ အသက် ၄၂ နှစ်အရွယ် ဦးကျော်လွင်ဦးတို့နှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်ခတ်ပြီး ဓါးတွေနဲ့ပါ ခုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ပြီး ဓါးနဲ့ခုတ်ခံရတာကြောင့် ဦးကျော်လွင်ဦးဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး ကိုကျော်ဇင်မိုးက အူပွင့်ထွက်ဒဏ်ရာနဲ့ ရေးဆေးရုံမှာ တက်ရောက်ကုသစဉ် ဇွန် ၃ ရက်နေ့မှာ သေ ဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့နှစ်ဦးဟာ သာမာန်ရော်ဘာခြံလုပ်သားတွေသာဖြစ်ပြီး ဘာကြောင့်အခုလို လာရောက်သတ်ဖြတ်သွားလဲဆိုတာ မသိရသေးပါဘူး။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရော်ဘာခြံလုပ်သား နှစ်ဦးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF က အကြောင်းမဲ့ လာရောက်သတ်ဖြတ်သွားတယ်လို့ စွပ်စွဲရေးသားတာတွေ ရှိနေပါတယ်။

ရော်ဘာခြံလုပ်သားနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ထက်မနည်း မေးမြန်းရာမှာ သူတို့လုပ်ဆောင်တာ မရှိကြောင်းနဲ့ အခုဖြစ် စဉ်ဟာ စစ်တပ်ဘက်က ဝါဒဖြန့်စွပ်စွဲမှုသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

မွန်ပြည်နယ်မှာ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူတချို့ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိနေပြီး တချို့ဖြစ်စဉ်တွေဟာ လက်သည်မပေါ်ဘဲ ရှိတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.