စစ်တွေ၊ ဇွန် ၃

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ အရပ်သားပြည်သူ ၅၃ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်မ၊ တပ်ရင်းနဲ့ ပါဝင်ပတ်သက်သူအာလုံးကို ပြင်းထန်စွာလက်စားချေ တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က စစ်ကောင်စီတပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ စစ်ကာင်စီရဲ့ သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်တွေ ပါတဲ့ အင်အား ၁၇၀ ကျော်ဟာ ဗျိုင်းဖြူကျေးရွာ တစ်ရွာလုံးက ရွာသူရွာသားတွေကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ALP ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ အသက် ၇၀ အတွင်းရှိ ဒေသခံ အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူတွေကို လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားတာ၊ အစာရေစာမပေးဘဲ ထားရှိတာ၊ နှိပ်စက်ညှင်းပန်းတာနဲ့ လက်နက်အားဖြင့် သတ်ဖြတ်တာတွေ တစ်ခုပြီးတစ်ခု ပြုလုပ်လာခဲ့တယ်လို့ AA က ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့အပြင် သတ်ဖြတ် အ လောင်းဖျောက်တာ၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်တာနဲ့ တန်ဖိုးရှိ ရွှေ၊ ငွေ၊ ဖုန်းနဲ့ ဆိုင်ကယ်တွေကို အတင်းအဓမ္မသိမ်းယူတာနဲ့ နေအိမ်အချို့ကို မီးရှို့ဖျက်စီးတာ အပါအဝင် ဖက်ဆစ်ဆန်တဲ့ လုပ် ရပ်တွေကို ကျူးလွန်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန်းကရပ်ရန်နဲ့ နောက်ထပ်အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေဖို့ ပြင်းထန်စွာ သတိပေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနဲ့ မာန်အောင်မြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ကျန်ရှိနေတဲ့ လက်ကျန်စခန်းတွေ မဆုံးရှုံးစေရန်အတွက် ခုခံစစ်တွေကို ပြင်ဆင်နေသလို စစ်ပွဲနဲ့ မသက် ဆိုင်တဲ့ ဆေးရုံ၊ ရပ်ရွာ၊ မြို့တွေနဲ့ ပြည်သူလူထုစတဲ့ အရပ် သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာတွေ တောက်လျှောက် ပြုလုပ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.