ဝါရှင်တန်၊ ဇွန် ၃

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ သီတင်းခြောက်ပတ်ကြာ ရပ်ဆိုင်းထားမှုနဲ့အတူ စတင်မယ့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ဟားမာ့စ်အဖွဲ့က လက်ခံမယ်ဆိုရင် အစ္စရေးကလည်း လက်ခံလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ကြောင်း အိမ်ဖြူတော်အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒန် မိတ်ဆက်ခဲ့တဲ့ အဆင့်သုံးဆင့်ပါ သဘောတူညီမှုမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပိုမိုပို့ဆောင်ရေးအပြင် စစ်ပွဲထာဝရ အဆုံးမသတ်ခင် ပါလက်စတိုင်းသား အကျဉ်းသားတွေအတွက် အစ္စရေးဓားစာခံအချို့ လွှတ်ပေးရေး အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဒီအဆိုပြုချက်ဟာ အစ္စရေးအစိုးရအဖွဲ့ဝင် အချို့ရဲ့ ကန့်ကွက် ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ ရာဖာမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေစဉ် အခုလိုညှိနှိုင်းမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNRWA က ရာဖာမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရာနေရာ ၃၆ ခုလုံးမှာ နေထိုင်နေသူတွေဟာ ထွက်ပြေးတိမ်းရှောင်သွားရတာကြောင့် အခုအချိန်မှာ လူသူမရှိတော့ဘူးလို့ ပြောပါတယ်။

ဂါဇာအလယ်ပိုင်းဒေသတွေနဲ့ ခန်ယောနိစ်ဒေသက လူပေါင်း ၁ ဒဿမ ၇ သန်းဟာ ထွက်ပြေးသွားကြပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

မိမိတို့အဆိုပြုထားတာနဲ့ပတ်သက်လို့ ဟားမာ့စ်ဘက်က တရားဝင်တုံ့ပြန်မှုကို စောင့်ဆိုင်းနေပြီး နှစ်ဖက်စလုံးက သဘောတူညီမှု ပထမ အဆင့်ကို တတ်နိုင်သမျှအမြန်ဆုံး စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့ပါတယ်။

ကနဦး သီတင်းခြောက်ပတ်ကြာ အပစ်ခတ်ရပ်စဲထားချိန်အတွင်း ဒုတိယအဆင့် သတ်မှတ်ချက်တွေနဲ့ ဘယ်အချိန် စတင်နိုင်မလဲ ဆိုတာကို နှစ်ဖက်ဆွေးနွေးရမှာ ဖြစ်တယ်လို့ ဂျွန်ကာဘီက ပြောပါတယ်။

ဒီသဘောတူညီမှုကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက သဘောတူမယ်ဆိုရင် ရာထူးကနေ နုတ်ထွက်ပြီး ညွှန့်ပေါင်းအစိုးရ အဖွဲ့ ပြိုလဲအောင် လုပ်ဆောင်မယ်လို့ လက်ယာစွန်းဝန်ကြီး နှစ်ယောက်က ခြိမ်းခြောက်ထားပါတယ်။

ဟားမာ့စ်အဖွဲ့ကို မချေမှုန်းနိုင်ခင် ဘယ်သဘောတူညီမှုကိုမှလက်ခံစရာ မလိုဘူးလို့ အစ္စရေးဘဏ္ဍာရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဝန်ကြီးတို့က ပြောကြားခဲ့ကြပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုကလည်း ဟားမာ့စ်ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး စွမ်ပကားတွေကို မဖျက်ဆီးနိုင်ခင်၊ ဓားစာခံတွေ ပြန်မလွတ်ခင် အပစ်အခတ် ရပ်စဲမှုရှိမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.