ကျိုက်ထို၊ ဇွန် ၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းနဲ့မုက္ခမော့ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိူးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အ မြောက်တပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီ အမြောက်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန် ၂ ရက်နေ့က ဝါးဒက်ကွင်းကျေး ရွာနေ အသက် ၂၀ အရွယ် လူငယ်နှစ်ဦး ၊ ဇွန် ၃ ရက်နေ့ မနက်ပိုင်းမှာ မုက္ခမော့ကျေးရွာနေ အ သက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံသုံးဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သိမ်ဇရပ် ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ဟာ တိုက်ပွဲမရှိလည်း အရပ် သား ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျူး လွန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကွင်း၊ ဝါးဒက်ကွင်း၊ မုက္ခမော့၊ သုံးခွ၊ ခရွဲကျေးရွာက ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သွားပြီး ဒေသခံအ များစုက ဗုံးခိုကျင်းထဲ ပုန်းခိုနေထိုင်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇီးပြောင်း ၁ ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင် ထိမှန်သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.