သထုံ၊ ဇွန် ၁

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ သထုံနဲ့ဘားအံမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့က KNU သထုံမြို့နယ် တောင်သူဌေးကုန်းကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုရဲလင်းဌေးနဲ့ အသက် ၃၅ နှစ်အရွယ် မမိုးမိုးတို့ ထိမှန်သေဆုံးခဲ့ပါတယ်။

အဲဒီလက်နက်ကြီး ပစ်ခတ်မှုအတွင်း တစ်ရွာတည်းနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ် မမေစုမိုးအပါအဝင် အရပ်သားပြည်သူ ၅ ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။

မေ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ပိန္နဲတောတပ်စခန်းကနေ KNU ဘားအံမြို့နယ် နော်ဖဒိုနဲ့နော်ရကုန်းကျေးရွာထဲ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလ တစ်လအတွင်း KNU သထုံခရိုင်ထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၂၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.