သထုံ၊ ဇွန် ၂

မွန်ပြည်နယ် သထုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်လေးဇော်ဟာ ဇွန် ၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးခင်လေးဇော်ဟာ နေအိမ်ကနေ သူ့အပိုင်လယ်ကွင်းထဲသွားစဉ် လက်နက်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦးက အနောက်ကနေလိုက်ပြီး သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးခင်လေးဇော်ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အ ခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပါတယ်။

သေဆုံးသူ ဦးခင်လေးဇော်ဟာ သထုံမြို့နယ် ကရင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးဖြစ်သလို ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်လာသူလို့ ဒေသခံတွေထံက သိရပါတယ်။

သူဟာ စစ်တပ်အာဏာမသိမ်းခင် တောင်စွန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်အစောပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဦးခင်လေးဇော် ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုအဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနဲ့ စာရေးမဒေါ်သက်ဟေမာမြတ်တို့ နှစ်ဦးဟာ အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.