မော်လမြိုင် ၊ ဇွန် ၂

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလကစလို့ ဆေးကုမ္ပဏီ၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာပါ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ပြတ်လပ်လာပြီးနောက် ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆေးဝါးပြတ်လပ်မှုဟာ ဒေါ်လာဈေးနှုန်း အဆမတန်ထိုးတက်လာတာ၊ စစ်ကောင်စီရဲ့ ကန့်သတ် ချက်တွေကြောင့် ဆေးဝါးတင်သွင်းဖို့ ခက်ခဲလာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာပါ။

လက်ရှိမှာတော့ ဈေးကွက်အတွင်း ဆေးဝါးဝင်ရောက်မှု နည်းပါးနေတဲ့အတွက် လူသုံးများတဲ့ ဆေး ဝါးပစ္စည်းအများစု လုံးဝပြတ်လပ်သွားသလို အစားထိုးဆေးဝါးတွေကလည်း ဝယ်ယူရခက်ခဲတဲ့ အခြေအနေထိ ဖြစ်ပေါ် နေရတယ်လို့ သိရပါတယ်။

ဆေးဆိုင်လုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိမှာ အရောင်းသွက်တဲ့ဆေးဝါးအပြင် အရောင်းပါးတဲ့ဆေးအမျိုးအစား အားလုံးနီးပါး ပြတ်လပ်နေသလို ဆေးဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာတယ်လို့ ပြောပါတယ်။

“အခုက အမျိုးအစားတစ်ခုတည်းကို မဟုတ်ဘူး။ အားလုံးနီးပါးကိုပဲ။ ကျွန်တော်တို့ အရောင်းသွက်တဲ့ အမျိုးအစားတွေပေါ့။ ပုံမှန်ဆိုရင်လူသောက်များတဲ့ သွေးတိုးကျဆေးတို့ ဘာတို့လိုမျိုး အဲဒီလိုမျိုး လုံးဝမရှိဘူး ပြတ်နေတာ။ ဒါပစ္စည်းတွေ ပြတ်နေတာ၊ အရောင်းသွက်တဲ့ ဆေးတွေဆိုရင်တော့ လုံးဝကိုပစ္စည်းပြတ်တယ်။ အရောင်းပါးတဲ့ ဆေးတွေတောင်မှ ပစ္စည်းမရှိဘူး၊ အဲဒီလိုဖြစ်နေတာ။ အခြေအနေက တော်တော်ကိုဆိုးတဲ့ထဲမှာပါတယ်။ ဒေါ်လာနှုန်းတွေကြောင့်လည်း ပိုဆိုးသွားတာပေါ့”လို့ ဆိုပါတယ်။

ဆေးဝါးအများစု ဈေးကွက်အတွင်း လုံးဝပြတ်လပ်နေတာကြောင့် တချို့ဆေးကုမ္ပဏီတွေအနေနဲ့ အရောင်းပိတ်ထားတာတွေရှိသလို ဆေးဆိုင်တွေမှာလည်း လူသုံးနည်းတဲ့ ဆေးဝါးတွေလောက်သာ ကျန်ရှိတော့တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံပြည်သူတစ်ဦးကတော့ ဆေးဝါးပစ္စည်းအများစု ဈေးကွက်ထဲ ပြတ်လပ်နေကြောင့် ဆရာဝန်တွေဆိုရင် ပုံမှန်ညွန်နေကြဆေးထက် အလားသဏ္ဍန်တူတဲ့ဆေးကိုပဲ ညွှန်ကြတော့သလို ဆေးတွေဝယ်ယူလို့ မရတော့တဲ့အတွက် လူအများကြီးထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

“အခုဆေးတွေ ဈေးကွက်ထဲမှာ ဆေးတွေမရှိတော့ ရောဂါဖြစ်တဲ့သူတွေ အရမ်းသနားဖို့ကောင်းတာ။ ဆေးလိုက်ရှာပြီးတော့ ဝယ်လို့မရတော့ဘူး။ ဆရာဝန်တွေဆိုရင် ပုံမှန်ညွှန်နေကြဆေးတွေကို အလားသဏ္ဍန်တူတဲ့ ဆေးပဲပေးပါဆိုပြီးတော့ပဲ ညွှန်ရတော့တယ်။ ဘာဆေးရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘူး ဈေးကွက်ထဲမှာ။ တိုင်းပြည်က မနစ်နာဘူးလား။ ဆေးတစ်တောင့် ဆိုတာလည်း နိုင်ငံခြားကနေ ဒေါ်လာတွေ နိုင်ငံခြားငွေနဲ့ပဲ ဝယ်ရတာပဲလေ။ အဲဒီအတွက်ကြောင့်မို့ လူတွေအများကြီးက ထိခိုက်သွားနိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ဆေးဝါးတွေ ဆိုးဆိုးရွားရွား ပြတ်လပ်ပြီး ဒေါ်လာဈေးနှုန်းမြင့်တက်နေတာကြောင့် တချို့ဆေးဝါးတွေဟာ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်း မြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုလို ဆေးဝါးအများစု ပြတ်လပ်နေတာကြောင့် နာတာရှည်ရောဂါသမားတွေ အခက်အခဲအကြီး အကျယ် ဖြစ်ပေါ်နေရပြီး ဆေးဝါးဝယ်ယူလို့မရပါက အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေပါ ဖြစ် လာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးပါတယ်။

မြန်မာနိုင်ငံဟာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိက တင်သွင်းနေရတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလတွင်း မကြာခဏဆိုသလို ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.