ရေဖြူ ၊ ဇွန် ၂

ရေးတောင်ပိုင်းနဲ့ ရေဖြူမြို့ နယ်ဘက်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ မွန်တပ်ကို မဟာမိတ်တပ်တွေနဲ့အတူ ဝန်းရံတိုက်ခိုက်ပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် မွန်ပြည်သစ်ပါတီ ADက ငြင်းဆိုပါတယ်။

မွန်တပ်ရဲ့ ထုတ်ပြန်ချက်အရ မေ ၂၆ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ AD က ဦးဆောင်ပြီး မဟာမိတ်တပ်တွေနဲ့အတူ မွန်တပ်ကို ဝင်ရောက်ဝင်းရံတိုက်ခိုက်ခဲ့ပေမယ့် မွန်တပ်ဘက်က မွန်အချင်းချင်း သွေးချောင်းမစီးလိုတဲ့အတွက် တစ်နေရာရာမှာ တိမ်းရှောင်လိုက်တယ်လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရေဖြူမှာရှိတဲ့ မွန်တပ်နဲ့ ဆွေးနွေးဖို့ဖြစ်ပြီး ဝင်တိုက်တာမဟုတ်သလို အွန်လိုင်းကနေလည်း ဘယ်လိုပူးပေါင်းလုပ်ကြမယ်ဆိုတဲ့အချက်ကို ဆွေးနွေးခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က မွန်ပြည်သစ်ပါတီ AD ပါတယ်။ နောက်အခြားမဟာမိတ်ပူးပေါင်းတပ်တွေ ပါတယ်။ အဲဒီတော့ ရေဖြူမှာရှိတဲ့ မွန်တပ်နဲ့ ကျွန်တော်တို့ခေါ်ပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာသူတို့က မလာတဲ့အခါကျတော့ ဒီဆွေးနွေးပွဲက ဘာမှမဖြစ်ဘူး။ သူတို့ထုတ်ပြန်သ လို ဝင်တိုက်တာတော့ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့ စစ်ကော်မတီဝင်တစ်ယောက်နဲ့ သူတို့ရဲ့ (မွန်တပ်) အမေရိကမှာရှိတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပါတယ်။ စကစကို ဘယ်လိုပူးပေါင်းတိုက်မလဲ၊ ဘယ်လိုပေါင်းပြီး လုပ်ကြမယ်ဆိုတဲ့အချက်ကို ဆွေး နွေးပါတယ်။ သူတို့ဘက်က အကြောင်းပြန်မယ်လို့ပြောပေမယ့် အခုလောလောဆယ် ဘာမှအ ကြောင်းပြန်တာ မရှိသေးပါဘူး”လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ မေ ၂၇ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ AD က ဒေသခံ နိုင်နှင်းနဲ့ နိုင်မွန်ချမ်းကို မွန်တပ်အပေါ် ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ကြား သိရကြောင်း မွန်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်နှင်းနဲ့ နိုင်မွန်ချမ်းတို့ဟာ နတ်ကြီးစင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဖြစ်ပြီး သူတို့နှစ်ဦးကို မွန်ပြည်သစ်ပါတီ AD က ဝင်ရောက်ဖမ်းဆီးတာလောက်ပဲ သိရှိရတယ်လို့ နိုင်ဗညားမွန်က ပြောပါတယ်။

သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ အချက်အလက်တွေအရ နိုင်မွန်ချမ်းဟာ ရေဖြူမြို့နယ်၊ တနင်္သာရီအထူးဒေသက မွန်ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ကော်မတီဝင်ဥက္ကဌဖြစ်ပြီး အလင်းဝင်သက်သေခံကတ်ပြား ၈ ခုနဲ့အတူ မြန်မာနိုင်ငံအလံတံဆိပ်ကို တပ်ထားတဲ့ စစ်ယူနီဖောင်းအင်္ကျီ၊ ဦးထုပ်နဲ့ (ပသ စ) ဘက်တံဆိပ်တွေလည်း တွေ့ရပါတယ်။

မွန်တပ်ဟာ မွန်ပြည်ပြန်လည်ထူထောင်ရေး၊ မွန်နယ်မြေကို စောင့်ရှောက်ရေးနဲ့ ပြည်တွင်းပြည်ပမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၃ ခုနှစ် ဇွန်လလယ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မွန်လက်နက်ကိုင် တော်လှန်ရေးတပ်ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်လူမျိုးအခြေပြုလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အာဏာရှင်စစ်ကောင်စီကို စစ်ရေး၊နိုင်ငံရေးမှာ အတူတကွဲ ပူးပေါင်းတိုက်ပွဲဝင်ဖို့ မဟာမိတ်အဖြစ် ဖွဲ့ထားတာ ရှိသလို ကျန်ရှိတဲ့အဖွဲ့တွေကြားမှာလည်း တွေ့ ဆုံဆွေးနွေးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.