ဘန်ကောက်၊ ဇွန် ၁

ထိုင်းနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်ခွင့်သက်တမ်းတိုးပါက မိခင်နိုင်ငံကို ပြန်ပြီးမှ လျှောက်ထားရမယ်ဆိုတဲ့ မူဝါဒအသစ်ကြောင့် ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စစ်ကောင်စီအတွက် စစ်မှုထမ်းရမှာကို စိုးရိမ်နေကြောင်း အကူအညီပေးရေး အဖွဲ့တွေက ပြောဆိုနေကြပါတယ်။

စစ်ကောင်စီဟာ ရှုံးနိမ့်မှု တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်တွေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို အသက်သွင်းခဲ့ပါတယ်။

ဒီကြေညာချက်ကြောင့် စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ ကြိုးပမ်းတဲ့ အုပ်ချုပ်ရေးမှူး အများအပြား အသတ်ဖြတ်ခံခဲ့ရပြီး စစ်မှုမထမ်းလိုသူ ထောင်ပေါင်းများစွာဟာ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ ထိုင်းနိုင်ငံဆီထွက်ပြေးခဲ့ကြပါတယ်။

အစိုးရဗီဇာ စပွန်ဆာစီမံကိန်းနဲ့ ထိုင်းမှာအလုပ်လုပ်နေကြတဲ့ မြန်မာ၊လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ လေးနှစ်စာချုပ် သက်တမ်းကုန်လို့ ဆက်ပြီး သက်တမ်းတိုးချင်ရင် မိခင်နိုင်ငံဆီ ပြန်သွားပြီးမှ သက်တမ်းတိုးရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလအတွင်း ကြေညာခဲ့ပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC အဖွဲ့ရဲ့ အရာရှိ ကိုရဲမင်းက ထိုင်းမှာ ဗီဇာလိုအပ်ချက်အသစ်တွေနဲ့ ပတ်သက်လို့ အတည်ပြုထားပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒီမူဝါဒကျင့်သုံးဖို့ ထိုင်း အစိုးရကို တောင်းဆိုခဲ့တာလို့ ယုံကြည်ကြောင်း ကိုရဲမင်းက ပြောပါတယ်။

သာမန်အားဖြင့် အလုပ်သမားတွေဟာ သူတို့ရဲ့ စာအုပ်တွေကို ထိုင်းမှာ သက်တမ်းတိုးလို့ရပြီး အရင်အလုပ်လုပ်တဲ့ နေရာမှာပဲ အလုပ်ဆက်လုပ်လို့ရပါကြောင်း၊ သူတို့က အဲဒီစနစ်ကို ပိုကြိုက်ကြကြောင်း ကိုရဲမင်းက ပြောပါတယ်။

ဒါပေမဲ့ အခုတော့ စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် သူတို့ထိုင်းမှာ လေးနှစ်အလုပ်လုပ်ပြီးရင် မြန်မာနိုင်ငံကို ပြန်သွားကြရပါတော့မယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်သူတွေ အများကြီးဟာ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံကြသလို တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေသူတွေ ဖြစ်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

တော်လှန်ရေးတပ်တွေကို ထောက်ပံ့နေမှု ဖြတ်တောက်ရေး စစ်ကောင်စီက ထိုင်းအစိုးရကို တောင်းဆိုပြီး မူဝါဒပြောင်းလဲခိုင်းခဲ့တာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေမှာ ဗီဇာသက်တမ်းကုန်သွားလို့ မြန်မာနိုင်ငံဆီပြန်သွားရတဲ့ အလုပ်သမားအချို့ ရှိနေတယ်လို့ လော့ဘူရီဒေသရှိ ကြက်သားထုတ် စက်ရုံက မြန်မာအလုပ်သမားတစ်ယောက်က ပြောကြားပါတယ်။

Ref:RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.