စင်ကာပူ ၊ ဇွန် ၁

နှစ်နိုင်ငံကြား တင်းမာမှုတွေ အရှိန်ဆက်လက် မြင့်တက်လာနေတဲ့ တောင်တရုတ်ပင်လယ်မှာ အနီရောင်စည်းကို မကျော်ဖို့ ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျူနီယာက တရုတ်ကို သတိပေးလိုက်ပါတယ်။

တရုတ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ပြုမူမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ယောက် သေဆုံးခဲ့မယ်ဆိုရင် အဲဒီလုပ်ရပ်ဟာ စစ်ခင်းလိုတဲ့ အပြုအမူနဲ့ နီးစပ်တဲ့လုပ်ရပ်လို့ ဖိလစ်ပိုင်က မှတ်ယူပြီး အလားတူ တုံ့ပြန်သွားမှာဖြစ်ကြောင်း သူကပြောကြားပါတယ်။

အမေရိကန်နဲ့တရုတ်အပါအဝင် ကမ္ဘာတဝန်းက စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေ တက်ရောက်တဲ့ ညီလာခံမှာ သမ္မတ မားကို့စ်က အခုလိုမျိုး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်က တရုတ်ကို ပြောင်းပြန်အပြစ်တင်နေပြီး မဆင်မခြင် လုပ်နေသလို မိမိတို့ကို တိုက်ခိုက်နေတယ်လို့ တရုတ်စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ရှိ ဒေသတစ်ခုနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ကာလကြာရှည် အငြင်းပွားမှုဟာ မကြာသေးခင်လပိုင်းမှာ ရန်လိုတဲ့ ထိပ်တိုက်တွေ့မှုတွေအဖြစ် အရှိန်မြင့်တက်လာခဲ့ပါတယ်။

ဖိလစ်ပိုင်လှေတွေနဲ့ ထောက်ပံ့ရေးသင်္ဘောတွေကို တရုတ်ကင်းလှည့် ရေယာဉ်တွေက မီးသတ်ပိုက် အသုံးပြုတားဆီးမှုနဲ့ ပတ်သက်လို့ မနီလာအစိုးရက ပြင်းပြင်းထန်ထန် စောဒက တက်ထားပါတယ်။
ဘေဂျင်းကတော့ သူတို့ရဲ့ အချုပ်အခြာပိုင်နက်ကို ကာကွယ်တာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စင်ကာပူမှာ ကျင်းပတဲ့ စစ်ဖက်ဆိုင်ရာအကြီးအကဲများ ညီလာခံမှာ တရုတ်စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဖိလစ်ပိုင်ဟာ ရန်စမှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

နောက်ထပ်တင်းမာမှု အရှိန်မြင့်တက်လာရင် တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန်ကြား ပဋိပက္ခ ဖြစ်ပွားလာမှာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။

ဖိလစ်ပိုင်တိုက်ခိုက်ခံရရင် ကာကွယ်ပေးပါမယ်လို့ မနီလာနဲ့ ဝါရှင်တန်တို့ကြား သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။

အမေရိကန်က ဒေသတွင်း သူ့ရဲ့ မဟာမိတ်တွေကို ပေးထားတဲ့ကတိ အတိုင်း ရပ်တည်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တရုတ်ရဲ့ ဒေသတွင်း စစ်အင်အား တိုးချဲ့လာမှုနဲ့ ပတ်သက်လို့ အမေရိကန်ဟာ ပြီးခဲ့တဲ့လက ဖိလစ်ပိုင်၊ ဂျပန်တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

တရုတ်ရဲ့ ရန်လိုတဲ့ အပြုအမူကြောင့် ဖိလစ်ပိုင် စစ်သားတစ်ယောက်သာ မဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ယောက် သေဆုံးခဲ့ရင်တောင် စစ်ပွဲဆင်နွှဲလိုတဲ့ အပြုအမူလို့ မိမိတို့မှတ်ယူပြီး အလားတူ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း သမ္မတ မားကို့စ်က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာ ညီလာခံအဖွင့် မိန့်ခွန်းမှာ မေ ၃၁ ရက် ညက ပြောကြားခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.