ရေးချောင်းဖျား ၊ ဇွန် ၁

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဟာ သူ့သဘောသူဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး မိခင်ပါတီနဲ့ ဆက်စပ်ပတ်သက်မှုမရှိတဲ့ အဖွဲ့သာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေ ၃၁ ရက်နေ့မှာ ကြေညာထုတ်ပြန်ပါတယ်။

ပါတီတွင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ဒေသတွင်းတည်ငြိမ်မှု လုံခြုံမှုတည်ဆောက်ရေး၊ ဒေသခံရဟန်းရှင်လူပြည်သူတွေ အေးချမ်းစေရေးတို့ကို ရှေးရှုပြီး ခွဲထွက်အဖွဲ့ မိခင်ပါတီထံ ပြန်လာရေး ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီ AD ဟာ နိုင်ငံရေး၊စစ်ရေးကဏ္ဍတွေမှာ မိခင်ပါတီနဲ့ ကွဲပြားခြားနားတဲ့ အမြင်သဘောထားတွေနဲ့ ဖော်ဆောင်လာနေရာ ပြန်လည်ပေါင်းစည်းရေးမှာ အလားလာမှေးမှိန်သထက် မှေးမှိန်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် မျှော်လင့်ချက်အလွန်နည်းပါးနေတဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေးကို မိမိတို့ မိခင်ပါတီအနေနဲ့ ဆက်လက်ကြိုးပမ်းနေမှာဖြစ်ပေမယ့် မွန်ပြည်သစ်ပါတီ AD ဟာ မိခင်ပါတီနဲ့ ပတ်သက်မှုမရှိတဲ့အဖွဲ့လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်အပေါ်မှတ်ချက်ပေးစရာ မရှိကြောင်းနဲ့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီက ၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်ပေါ်တဲ့ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲအခြေအနေတွေဟာ ကာလအတန်ကြာငြိမ်သက်နေတဲ့ ပါတီတွင်းသဘောထားကွဲလွဲမှုတွေကို ပိုမိုနက်ရှိုင်းလာစေခဲ့တယ်လို့ ဆိုပါတယ်။

ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဗဟိုကော်မတီအစည်းအ‌ဝေးတွေနဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြရာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာရေး အမြင်သဘောထားကသာ ဆက်လက်လွှမ်းမိုးနေတာပါ။

ဒါကြောင့် အဲဒီအမြင်ကို လက်မခံဆန့်ကျင်တဲ့ အင်အားစုက အုပ်စုဖွဲ့ကာ ပါတီကနေ ခွဲထွက်ရေးလုပ်ရပ်ကို လျှို့ဝှက်လုပ်ဆောင်လာနေခဲ့ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD အဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ မိခင်ပါတီဘက်က ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မွန်ပြည်သစ် NMSP AD က စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာကာ ခွဲထွက်မှုကို အတိအလင်းကြေညာခဲ့တာလို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ကို ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် စလွန်းထော၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ နိုင်ဗညားလယ်နဲ့ နိုင်လယီကောင်းတို့ ဦးဆောင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.