မော်စကို၊ မေ ၃၁

အမေရိကန်က အာရှနဲ့ ဥရောပမှာ တာလတ်နဲ့ တာတိုပစ် ဒုံးကျည်တွေ ချထားခဲ့မယ်ဆိုရင် သူတို့အနေနဲ့နျူကလီးယား တားဆီးရေးနယ်ပယ်မှာ ထပ်ဆောင်းအစီအစဉ်တွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့က နိုင်ငံပိုင် RIA သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ စစ်အင်အား ချထားမှု ပိုများလာတာကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ဒုံးကျည်တွေချထားဖို့ စီစဉ်ထားကြောင်း အမေရိကန်က ပြီးခဲ့တဲ့ ဧပြီလမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလိုလက်နက်တွေချထားမှုဟာ ၁၉၈၇ ခုနှစ်မှာ ရုရှားနဲ့ သဘောတူထားခဲ့တဲ့ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ဆိုင်ရာ သဘောတူညီမှု INF အရ တရားမဝင်ဘူးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီမှုကို ရုရှားအစိုးရက ချိုးဖောက်တယ်လို့ဆိုပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်ကနုတ်ထွက်ခဲ့ပါတယ်။ အဲဒီလို အမေရိကန်ရဲ့ စွပ်စွဲချက်ကိုတော့ မော်စကိုဘက်က ပယ်ချခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့

အာရှနဲ့ ဥရောပမှာ အမေရိကန်တို့ စီစဉ်ထားတဲ့အတိုင်း အဲဒီလို ဒုံးကျည်တွေ ချထားခဲ့မယ်ဆိုရင် တာတိုနဲ့တာလတ်ပစ် ဒုံးကျည်တွေ ချထားမှု ဆိုင်ရာ သဘောတူညီမှုကျိုးပျက်ပြီးနောက် မိမိတို့အဆိုပြုထားတဲ့ ဆိုင်းငံ့မှုကို ပယ်ဖျက်မှာ ဖြစ်ကြောင်း ကရင်မလင်က သတိပေးထားတာ ကြာပြီလည်း ဖြစ်ပါတယ်။

ရုရှားတို့အနေနဲ့ တခြားအစီအစဉ်တွေလည်း လုပ်ဆောင်နိုင်ကြောင်း ဝန်ကြီး လက်ဗ်ရော့က RIA သတင်းဌာနကို ပြောကြားထားပါတယ်။

ရုရှားတို့ရဲ့ ကွပ်ကဲရေးဌာနတွေနဲ့ နျူကလီးယားတပ်တွေဟာ အမေရိကန် ဒုံးကျည်တွေ ပစ်ခတ်ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်း ကျရောက်လာတော့မှာ ဖြစ်တာကြောင့် နျူကလီးယား တားဆီးရေး ဆောင်ရွက်ရာမှာ နောက်ထပ်ခြေလှမ်းတွေ လှမ်းရတော့မှာ ဖြစ်တယ်လို့ ဝန်ကြီးလက်ဗ်ရော့က ပြောပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲ၊ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်-ရုရှားနဲ့ အမေရိကန်-တရုတ်ကြား တင်းမာမှုတွေဟာ မကြုံစဖူး မြင့်တက်လာနေပါတယ်။

ရုရှားနဲ့ တရုတ်တို့က ကမ္ဘာလုံးဆိုင်ရာစနစ်သစ်တစ်ခုကို ပုံဖော်လိုပြီး အမေရိကန် ကြီးစိုးထားမှုကို ချိုးဖျက်ပစ်ဖို့ ကြိုးပမ်းနေတာလို့ လေ့လာသူတွေကတော့ ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.