ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်ပြချက်နဲ့ ဒေသခံပြည်သူတွေကို စစ်ဆေးနေစဉ်။

ပွင့်ဖြူ၊ မေ ၃၁

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ကျောက်မီးသွေးတွင်းကနေ ပြန်လာတဲ့ လူငယ် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မေ ၃၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ ရွာထိပ်မှာ အနားယူနေတဲ့ ကျောက်မီးသွေးတွင်းလုပ်သား လူငယ် ၆ ဦးကို ရဲတပ်ဖွဲ့ဝင်က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားခဲ့တာပါ။

“ကလေးတွေက စလင်းအနောက်ဘက်က ကျောက်မီးသွေးတွင်းကနေ ပြန်လာတဲ့ကလေးတွေပါ။ ထောက်ခံစာတွေ လည်းပါတယ်။ အဲဒါကိုအတင်းဖမ်းခေါ်သွားတာ” လို့ ရွှေဘိုရွာသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ ဒါမှမဟုတ် ငွေညှစ်ချင်တဲ့အတွက် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

အဲဒီလူငယ်တွေဟာ ကျောက်မီးသွေးတွင်းက အလုပ်သမားတွေ ဖြစ်ကြောင်း သက်သေအထောက်အထား ပြည့်စုံပေမယ့် သက်တမ်းလွန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွင့်ဖြူမြို့နယ်ရဲစခန်းကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လူငယ်တွေကို ဖမ်းဆီးပြီး ငွေကြေး အဆမတန်တောင်းခံတာ၊ လိုအပ်ရင်စစ်မှုထမ်းရမယ်ဆိုပြီး ခံဝန်နဲ့ပြန်လွှတ်ပေးတာတွေ မကြာခဏ လုပ်ဆောင်နေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပွင့်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ဧပြီလကစပြီး စစ်ကောင်စီတပ်က လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေကြောင့် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာရှိတဲ့ လူငယ်အများစုဟာ စစ်မှုထမ်းဖို့အတွက်လည်း မဲနှိုက်ရသလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေအဖြစ်လည်း သိမ်းသွင်းခံရတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာစောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အတွက် နိုင်ငံတဝန်းက လူငယ် ၉၀၀ ထက်မနည်း အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.