လန်ဒန်၊ မေ ၃၀

ကွန်ဆာဗေးတစ်တို့ ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် လေဘာပါတီ အာဏာရလာဖွယ်ရှိတဲ့ လာမယ့်ဇူလိုင် ၄ ရက် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဗြိတိန်လွှတ်တော်ကို မေ ၃၀ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

လွှတ်တော်အမတ်နေရာ ၆၅၀ အတွက် မဲဆွယ်မှုတွေဟာ အဲဒီနေ့ ညသန်းခေါင်ကျော်ပြီး ၁ မိနစ်မှာ စတင်နိုင်မှာဖြစ်ပါတယ်။

အများမျှော်လင့်ထားခဲ့သလို အခုနှစ်နှောင်းပိုင်းမှာကျင်းပမယ့်အစား ဝန်ကြီးချုပ် ရစ်ချီ ဆွန်နက်က ဇူလိုင် ၄ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့တာကြောင့် ဒါဟာ သူ့ပါတီရဲ့အရှိန်ကို ပြန်ရဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၁၄ နှစ်ကြာ အတိုက်အခံအဖြစ်ရှိခဲ့တဲ့ လေဘာပါတီဟာ အခုအချိန်မှာ လူ့အခွင့်အရေးရှေ့နေဟောင်း ကီယာ စတာမာ ဦးဆောင်မှုနဲ့အတူ အာဏာပြန်ရလာနိုင်ခြေရှိနေပါတယ်။

သဘောထားစစ်တမ်းတွေမှာ လေဘာပါတီနောက်က ဂဏန်းမဲထက်ဝက်ကျော်လျော့ပြီး ရှိနေတဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီဟာ လွှတ်တော်အဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် နုတ်ထွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲထပ်မံ ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ကြေညာထားတဲ့ လွှတ်တော်အမတ်က ၁၂၉ ဦးအထိ ရှိနေပါတယ်။

သူတို့ထဲက ၇၇ ဦးဟာ ကွန်ဆာဗေးတစ်ပါတီဝင်တွေ ဖြစ်ပြီး အာဏာရပါတီအတွက် မကြုံစဖူး လွှတ်တော်တွင်းက ထွက်ခွာမှုတစ်ခုဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီးနောက် ဝန်ကြီးချုပ် ဆူးနက်ဟာ နိုင်ငံတဝန်းခရီးထွက်ပြီး ကွန်ဆာဗေးတစ်တွေဟာ အန္တရာယ်ကင်းတဲ့ရွေးချယ်စရာဖြစ်ကြောင်း ပြောဆိုစည်းရုံးနေပါတယ်။

လူထုသဘောထား စစ်တမ်းတွေမှာတော့ လေဘာပါတီက မဲ ၄၅ ရာခိုင်နှုန်းနဲ့ဦးဆောင်နေပြီး ကွန်ဆာဗေးတစ်တွေကတော့ ၂၃ ရာခိုင်နှုန်းရရှိမှာ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

၂၀၁၆ ခုနှစ် နောက်ပိုင်း ဝန်ကြီးချုပ်ငါးဦး အထိ အပြောင်းအလဲ ရှိခဲတဲ့ အာဏာရပါတီဟာ အရှုပ်တော်ပုံတွေ စီးပွားရေးပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

လေဘာပါတီက စတာမာ ကိုယ်တိုင်လည်း လက်ဝဲယိမ်း မဲပေးသူတွေရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်ပိုင်း မဲဆွယ်မှုအတွင်း သူပေးခဲ့တဲ့ ကတိတွေမတည်ခဲ့ဘူးလို့ စွပ်စွဲခံထားရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.