မော်လမြိုင် ၊ မေ ၃၀

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ဇောက်ထိုးကျလာတဲ့ မြန်မာ့စီးပွားရေးဟာ စစ်ကောင်စီရဲ့ စစ်အသုံး စရိတ်တိုးမြှင့်မှုအပါအဝင် မူဝါဒအလွဲမှားတွေကြောင့် စီးပွားရေးတစ်ခုလုံး လဲပြိုသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မရေရာမသေချာမှုတွေ ဆိုးဆိုးဝါးဝါး ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ ဒေါ်လာငွေ လိုအပ်ချက်ကြီးမားလာမှုနဲ့အတူ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတဲ့အတွက် သမိုင်းတလျှောက် မကြုံဖူးတဲ့ အခြေနေနဲ့ရင်ဆိုင်နေရတာပါ။

အခုမေလအတွင်း တရွေ့ရွေ့မြင့်တက်လာတဲ့ ဒေါ်လာဈေးနှုန်းဟာ မေ ၂၉ ရက်နေ့မှာ တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကလည်း ကျပ် ၅၇ သိန်းကျော်အထိ စံချိန်တင် ဈေးနှုန်းထိုးတက်လာပါတယ်။

ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုဟာ စစ်ကောင်စီဘက်က ဒေါ်လာထုတ်မရောင်းပေးတာ၊ ပြည် တွင်းဒေါ်လာလိုအပ်ချက် မြင့်မားလာတာ၊ ပို့ကုန်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ ရရှိမှု သိသိသာသာ ကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးက မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုဟာ စစ်ကောင်စီရဲ့ ပေါ်လစီအမှားတွေကြောင့်ဖြစ်ပြီး မြန်မာ့စီးပွားရေးတစ်ခုလုံး ချောက်ထဲကျရောက်နေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကပေါ်လစီအမှားပေါ့။ သူတို့(စစ်ကောင်စီ)က ဒေါ်လာကို မထွက်အောင် ပိတ်လိုက်လို့ရှိရင် အဆင်ပြေလိမ့်မယ်လို့ ထင်နေတာ။ အမှန်က မထွက်အောင် ပိတ်ရမှာမဟုတ်ဘူး။ များများဝင်အောင် မက်လုံးပေးရမှာ။ အရင်တုန်းကတည်းကလည်း ပြောဖူးပါတယ်။ ဒီပို့ကုန်တွေကို သွားပြီးတော့ ပိတ်တာ၊ ပို့ကုန်သမားကို သွားပြီးတော့ လည်ပင်းသွားညှစ်တာ။ အဲဒီက စမှားတာပဲ။ ဆိုတော့ အဓိကငွေတန်ဖိုးကျတာက အဲဒီပေါ်လစီအမှားတွေ အခြေအနေကတော့ စောစောက ပြောသလို ချောက်ထဲကိုတော့ကျနေပြီ။ ဘယ်လိုကယ်မလဲပဲ စဉ်းစားရတော့မယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ဒေါ်လာဈေးနှုန်းမြင့်တက်မှုဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် သက် ရောက်မှု ကြီးမားနေပြီး မြန်မြန်ဆန်ဆန် မထိန်းချုပ်နိုင်ပါက စီးပွားရေးလုပ်ငန်း ပြိုလဲမှုတွေပါ မြန်ဆန်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကလည်း လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က နိုင်ငံခြားငွေတွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်မပြုတာကြောင့် ဈေးကွက်ပျောက်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နိုင်လာတဲ့ အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ ပြောပါတယ်။

“တက်လာတဲ့ အခြေအနေက အဓိကတော့ သူတို့(စစ်ကောင်စီ) ဈေးကွက်ကို ဖျောက်လိုက်တယ်။ နိုင်ငံခြားငွေဆိုလည်း အကုန်လုံး သူတို့သတ်မှတ်ထားတဲ့ ဈေးထက်ပိုရောင်းတဲ့ ငွေလဲကောင်တာတွေ အကုန်ပိတ်တယ်။ အခုလည်း ရွှေနဲ့ပတ်သက်ပြီးတော့ ဒီလောက်ထက် ပိုမရောင်းရသတ်မှတ်တော့ ဈေးကွက်က ပြန်တုန့်ပြန်တာက ဈေးကွက်ပျောက်သွားတာပေါ့။ ဈေးကွက်ပျောက်သွားတော့ အဲဒီရဲ့သက်ရောက်မှုကတော့ ဈေးတွေပိုတက်မှာ။ ငွေကြေးဖောင်းပွမှုကြောင့် တက်တာဆိုလို့ရှိရင်တော့ ဒါအကုန်လုံး ပစ္စည်းအကုန်လုံး ပါသွားမှာပေါ့၊ ဒေါ်လာကတော့ ပြဿနာရှိတယ်”လို့ ဆိုပါတယ်။

ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာကြောင့် ပြည်တွင်းက လုပ်ငန်းတချို့ ရေရှည်လည်ပတ်ဖို့ ခက်ခဲလာပြီး လုပ်ငန်းရပ်နားတာ၊ လျော့ချတာတွေ ရှိလာတာကြောင့်လည်း တိုင်းပြည်စီးပွားရေးထိခိုက်ကာ GDP တွေပါ ကျဆင်းလာနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

စီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ မြန်မာ့စီးပွားရေးကျဆင်းမှုဟာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းလာတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်မှု ဝင်ရောက်မှု နည်းပါးလာတာ၊ စစ်ကောင်စီဘက်က ဒေါ်လာထုတ်မရောင်းပေးတာ၊ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်တာ၊ စစ်အသုံးစရိတ်တိုးမြှင့်မှုကြောင့်ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးအခြေအနေဟာ တိုးတက်မှုနှုန်း အား တက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အထိ မရေရာ မသေချာသေးဘူးလို့ သတိ ပေးထားပါတယ်။

နိုင်ငံတကာ အစားအသောက်မူဝါဒ သုတေသနဌာန IFPRI က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာ နိုင်ငံရဲ့ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းဟာ အရင်ကထက် ဝင်ငွေကျဆင်းနေပြီး စီးပွားရေးအခြေအနေတွေ ပိုဆိုးလာကာ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လန်ဒန်အခြေစိုက် စီးပွားရေးထောက်လှမ်းရေးအဖွဲ့ EIU ကတော့ အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေး ကျဆင်းလာမှုနဲ့အတူ မြန်မာ့ငွေတန်ဖိုးကျဆင်းမှုဂယက် ကြီးမားနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ၆၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.