ဘန်ကောက်၊ မေ ၂၉

ဘုရင့်နန်းတော်ကို စော်ကားတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို ထိုင်းအစိုးရရှေ့နေချုပ်ရုံးက စွဲချက်တင်သွားမှာဖြစ်ကြောင်း အရာရှိတစ်ဦးက မေ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် သစ္စာစောင့်သိသူတွေဟာ လက်ရှိအစိုးရအဖွဲ့မှာ ပါဝင်နေတာကြောင့် ဒါဟာ သူ့အတွက် ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပါတယ်။

သက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝါထရာ ဦးဆောင်တဲ့အစိုးရကို ဖြုတ်ချခဲ့တဲ့ ဘုရင့်နန်းတော်လိုလားတဲ့ ထိုင်းစစ်တပ်ရဲ့ တိုင်ကြားချက်ဟာ ၂၀၁၅ ခုနှစ်က လုပ်ငန်းရှင်သူဌေးကြီး သက်ဆင်နဲ့ နိုင်ငံခြား မီဒီယာ တစ်ခုတို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သူ့အပေါ် တင်ထားတဲ့ အခြားစွဲချက်တွေထဲမှာ ကွန်ပြူတာရာဇဝတ်မှု ဥပဒေချိုးဖောက်မှုလည်း ပါဝင်ပါတယ်။စွဲချက် အားလုံးအတွက် သက်ဆင်ကို စွဲချက်တင်ရေး အစိုးရရှေ့နေချုပ်က ဆုံးဖြတ်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘီဂျရာဂူနာက ပြောကြားပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် အနေနဲ့ ဇွန် ၁၈ ရက်နေ့ မတိုင်ခင် တရားရုံးမှာ လျှောက်လဲဖို့ လိုအပ်မှာဖြစ်တယ်လို့ အဲဒီအရာရှိက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်က အမှားမလုပ်ထားဘူးလို့ ငြင်းထားပြီး ဘုရင့်နန်းတော်အပေါ် သစ္စာရှိကြောင်း အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

ကမ္ဘာပေါ်က အလားတူဥပဒေတွေထဲမှာ အပြင်းထန်ဆုံးဖြစ်တဲ့ ထိုင်းဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေအရ တော်ဝင်နန်းတော်ကို မဝေဖန်ရဘူးလို့ တားမြစ်ထားပါတယ်။

အဲဒီအငြင်းပွားဖွယ် ဥပဒေနဲ့ မကြာသေးခင်နှစ်တွေက အရေးယူခံရသူ ၂၇၀ ကျော်ရှိတဲ့အနက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ရာထူး အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်ပါတယ်။

ဒီအမှုအတွက် ခုခံချေပရေး ပြည့်ပြည့်စုံစုံ စီစဉ်ထားပြီး မိမိရဲ့ အမှုသည် အနေနဲ့ အာမခံရရှိရေး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သက်ဆင်ရဲ့ ရှေ့နေက ပြောပါတယ်။

အဲဒီဥပဒေကို ချိုးဖောက်ကြောင်း ထင်ရှားပါက စော်ကားမှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

သက်ဆင်ဟာ COVID-19 ကူးစက်ခံထားရတာကြောင့် မေ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲသို့ မတက်ရောက်ခဲ့တာ ဖြစ်ကြောင်း သူ့ရှေ့နေက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.