မော်လမြိုင်၊ မေ ၂၉

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးကြဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အကျိုးသက်ရောက်မှုအခြေအနေမှန်ကို မူတည်စဉ်းစားပြီး ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ကောင်စီ မှတ်တင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၂၅ ပါတီက သဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပြီး အဲဒီတွေဆုံပွဲမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေးပါတီ ၂၅ ပါတီက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု လုပ်ရပ်တွေကို လုံးဝလက်မခံဆန့်ကျင်ကန့်ကွက်ရှုတ်ချပါကြောင်း မေ ၂၈ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

အချက် ၈ ချက်ပါဝင်တဲ့ နိုင်ငံရေးပါတီ ၂၅ ပါတီရဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေကို နိုင်ငံတော်အစိုးရ၊ တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုလားသော တိုင်းရင်းသားပြည်သူတွေက ဥပဒေနဲ့အညီဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ နိုင်ငံတော်အစိုးရအပေါ် ဦးတည်ဒဏ်ခတ် အရေးယူပိတ်ဆို့တယ်လို့ အကြောင်းပြပြောဆိုထားပေမယ့် ပကတိအခြေအနေမှာပြည်တွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအပေါ် ထိခိုက်နစ်နာစေပြီး ဒုက္ခသံသရာအတွင်းသို့ အတင်းအဓမ္မတွန်းပို့နေတဲ့ လုပ်ရပ်တွေသာဖြစ်တယ်လို့ ဝေဖန်ထားတာပါ။

အရေးယူပိတ်ဆို့မှုလုပ်ရပ်ဟာ နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို နှောင့်နှေးရပ်တန့်စေတာ၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်စေရေး အခင်းအကျင်းကို ပျက်စီးစေတာ စတဲ့ဖြစ်ရပ်တွေကိုသာ ပေါ်ပေါက်လာစေမယ်လို့ နိုင်ငံရေးပါတီ ၂၅ ပါတီက သဘောထားထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီ ၂၅ ပါတီရဲ့ ပူးတွဲသဘောထားထုတ်ပြန်မှုမှာ ပါဝင်ခဲ့တဲ့ မွန်တိုးတက်ရေးပါတီဟာ မွန်ညီညွတ်ရေးပါတီ MUP က ကရင်ပြည်နယ်အတွင်း စည်းရုံမယ့် ပါတီအဖြစ် မှတ်ပုံတင်လျှောက်မှုကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ ဧပြီ ၁ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ မွန်နိုင်ငံရေးပါတီတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.