ကျိုက်ထို၊ မေ ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လူငယ်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကော့ထင်းကျေးရွာ အရက်ဆိုင်တစ်ခုမှထိုင်နေတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးစဉ် ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ လူငယ်တစ်ဦး ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးစဉ် ကော့ထင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုတင်နိုင်ဝင်း ခေါ် ကိုဖြူနိုင်ဖမ်းဆီးခံလိုက်ရပြီး အမည်စုံစမ်းဆဲ သူငယ်ချင်းဖြစ်က အခင်းဖြစ်ရာနေရာမှာပဲ သေ ဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ကိုတင်နိုင်ဝင်းဟာ KRF တပ်ဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ကော့ထင်းကျေးရွာအနီး နယ်ခြားစောင့်တပ်က BGF ဗိုလ်ဝင်းစိုးနဲ့ ဇနီးဖြစ်သူတို့ ပစ်သတ်မှုမှာ ပူးပေါင်းပါဝင်သူတွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတစ်ဦးက သူတို့တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ မရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ အမှုဆင်လုပ်ကြံဖန်တီးမှုသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံလိုက်ရတဲ့ ကော့ထင်းကျေးရွာ ဒေသခံ ကိုတင်နိုင်ဝင်းကို စစ်ကောင်စီက အကြမ်း ဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို PDF ထောက်ပံ့တာ၊ PDF တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မကြာ ခဏဆိုသလို ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.