သရက်ချောင်း၊ မေ ၂၈

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်ရှိ သံတံတားစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက် မနက် ၆ နာရီအချိန်ခန့်မှာ အင်အား ၂၀ ဝန်းကျင်နဲ့ တပ်စွဲပြီးငွေကြေးတောင်း ခံနေတဲ့ စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့သလို ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင် စစ်ကြောင်းပြန်ကြား ရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံတံတားဂိတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ကို ပိတ်ချခဲ့ပြီး မ နက် ၈ နာရီခွဲ အချိန်လောက်မှာသာ ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

သံတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာ၊ စစ်ဆေးရေးဂိတ်အနီးတဝိုက်နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေအိမ်ဘေးတွေမှာ မြေမြှုပ်မိုင်းထောင်တာတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကေင်စီဟာ သံတံတားစစ်ရေးဂိတ်ကို အခုနှစ်မတ်လတုန်းက လာရောက် ဖွင့်လှစ်ထားတာ ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးကနေ ၁၅ ဦးအထိ ပုံမှန် တပ်စွဲထားတာပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း (၂၇)၊ ကော်သူးလေအာမီ KTLA နဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ပဲဒက်တပ်စခန်းကို တော်လှန်ရေးအင်အားစုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါင်းညီနောင်စစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.