ဘန်ကောက်၊ မေ ၂

အငြိမ်းစားသံအမတ် မာရစ်ဆန်ဂီယမ်ပွန်ဆာကို ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိုင်းဘု ရင်က လက်ခံအတည်ပြုလိုက်ကြောင်း တော်ဝင်သတင်းစာက မေ ၁ ရက်‌နေ့မှာ ဖော်ပြပါတယ်။

သြစတြေးလျနဲ့ ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာရစ် ၆၅ နှစ်ဟာ ရာထူးက နုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီရဲ့ အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ပမ်ပရီဟာ ဝန်ကြီးများအဖွဲ့ ရာထူးနေရာ အပြောင်းအလဲအတွင်း အရင်ကပူးတွဲတာဝန်ယူထားခဲ့တဲ့ လက်ထောက်ဝန်ကြီးချုပ်ရာထူးကို ဆက်ထမ်းဆောင်ခွင့်မရ ဖြစ်ခဲ့ပြီးနောက် ဧပြီ ၂၈ရက်က မမျှော်လင့်ဘဲ နုတ်ထွက်သွားခဲ့တာပါ။

စစ်ဖြစ်နေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး ထိုင်းက သံတမန်ရေးအရ အရှိန်မြှင့် ကြိုးပမ်းနေစဉ် အရေးကြီးတဲ့အချိန်မှာ နိုင်ငံခြားရေးဝန်ကြီးရာထူးခန့်အပ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

စစ်ခင်းနေကြတဲ့ အုပ်စုတွေကြား တွေ့ဆုံဆွေးနွေးရေး လမ်းပွင့်သွားစေဖို့ ရည်ရွယ်ပြီးတော့ ထိုင်းကမတ်လအတွင်းမြန်မာသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ စတင်ပေးပို့ခဲ့ပါတယ်။

အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ ကြေညာပြီး သုံးနှစ်ကြာတဲ့အထိ အကောင်အထည် ပေါ်မလာ ဖြစ်နေတာကြောင့် အာဆီယံအနေနဲ့ မြန်မာပြဿနာအဖြေရှာရေး ပိုပြီးတက်တက်ကြွကြွ ဆောင်ရွက်ဖို့ ထိုင်းက ဖိအားပေးလာခဲ့တာပါ။

စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေနဲ့ ဆွေးနွေးရေး ငြင်းဆန်နေမှုအပေါ် အာဆီယံအဓိက အဖွဲ့ဝင်နိုင်ငံတွေက စိတ်ပျက်နေကြပါတယ်။ ထိုင်းက မြန်မာပြဿနာ ပြေလည်စေရေး အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားတို့ပါဝင်တဲ့ အာဆီယံသုံးနိုင်ငံ ပူးတွဲကြိုးပမ်းမယ့်အစီအစဉ်တစ်ရပ်ကို အ ဆိုပြုထားပြီး လက်ရှိအာဆီယံဥက္ကဌ လာအိုက ကြိုဆိုထားပါတယ်။

Ref:The Strait Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.