သထုံ၊ ဧပြီ ၂၉

မွန်ပြည်နယ် သထုံမြို့နယ် ဓနုကျေးရွာအုပ်စု ဓါးရိုးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ဧပြီ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ ရက် ည ၁၀ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြောက်တပ်ကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ ဓါးရိုးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းသီးခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေတဲ့ အ သက် ၆၇ နှစ်အရွယ် နောင်ဘိုရွာသား တီးရိုးအား လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာလည်း အမြာက်တပ်မှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ် ကော့လှိုင်းရွာ အနောက်ဘက် ဒေသအခေါ် ဃို့ဖိုးကော်ကုန်းရှိ ပြည်သူ့လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာခြံ ၁၅ ဧကနီးပါး မီးလောင်ပျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မရမ်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.