ရေး ၊ ဧပြီ ၂
တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ပြည်နယ်တွေ (ဖက်ဒရယ်ယူနစ်တွေ)နဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်တည်ထောင်မယ်လို့ မွန်ပြည်သစ်ပါတီ AD က ကြေညာလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ AD က နိုင်ငံရေးရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွလက်တွဲပြီး မျှော်မှန်းတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ဖို့ နိုင်ငံရေး ရပ်တည်ချက် ဦးတည်ချက်တွေကို ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
ဦးတည်ချက်တွေထဲမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးအပါဝင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်း သားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် မွန်လူမျိုးတွေကြား စည်းလုံးညီညွတ်ရေးနဲ့လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည် ဆောက်သွားဖို့နဲ့ မွန်လူမျိုးအပါအဝင် အခြားလူမျိုးတွေရဲ့ တန်းတူအခွင့်အရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ကို တည်ဆောက်သွားဖို့ မွန်ပြည်သစ်ပါတီ AD က ဆိုပါတယ်။
“ကျွန်တော်တို့ နားလည်တာက မွန်ပြည်သူလူထုတစ်ရပ်လုံးရဲ့ ရည်မှန်းချက်က မွန်တို့ကြမ္မာမွန်တို့ ဖန်တီးနိုင်ခွင့်ရှိတဲ့ မွန်ပြည်တည်ဆောက်ရေးပဲ ဖြစ်တယ်။ ဆိုတော့ ဒီကာလကစစ်မှန်တဲ့ပြည် ထောင်စုအထဲက မွန်ပြည်ပေါ်ထွန်းရေးပဲဖြစ်တယ်။ ဒီအမြင်တွေက မွန်ပြည်သစ်ပါတီ AD ရဲ့ မျှော် မှန်းတဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အတူတူပဲလို့ ကျွန်တော်မြင်ပါတယ်”လို့ မွန်ပြည်သစ် AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံရေးရပ်တည်ချက်တွေမှာတော့ NCA စာချုပ်အပေါ် အခြေခံတဲ့နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းဖို့ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သွားမှာဖြစ်ပြီး အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ပါဝင်ခွင့် မရှိစေရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင်နိုင်ငံရေး အခွင့်ထူးခံတွေအချင်းချင်းအကြား ပြုလုပ်တဲ့ ဘယ်နိုင်ငံရေး အာဏာခွဲဝေမှုကိုမှ လက်မခံဘဲ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ဒေသရဲ့လိုအပ်ချက်တွေအရ ဖက်ဒရယ်အခြေခံစံနှုန်းတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ အသိ ပေးထားတာပါ။
တစ်ဘက်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့နွေဦးတော်လှန်ရေးမှာ နည်းလမ်းပေါင်းစုံနဲ့ ခုခံတော်လှန်နေကြတဲ့ အစုအဖွဲ့တွေအားလုံး လက်ခံပါဝင်နိုင်မယ့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုတွေမှာ ပူးပေါင်းမှာဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ မြန်မာအရေးအဖြေရှာရေးမှာလည်း ညှိနှိုင်းပါဝင်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က ဆိုပါတယ်။
လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ လမ်းပြမြေပုံမှာတော့ မွန်တော်လှန်ရေးအင်အားစုတွေအပါအဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင် အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်မှာ ဖြစ်ပါတယ်။
နိုင်ဗညားမွန်က “မဟာမိတ်တွေနဲ့ ပူးပေါင်းတဲ့ လုပ်ငန်းစဉ်မှာ မွန်ပြည်နယ်မှာရှိတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအားလုံး လက်နက်ကိုင်အဖွဲ့အစည်းရော၊ လက်နက်ကိုင်မဟုတ်တဲ့ အဖွဲ့အစည်းနဲ့ ဆိုင်ရာဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေ အထူးသဖြင့် NUG နဲ့ KNU စတဲ့ အခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေ နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
တစ်ဘက်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေဖယ်ရှားပြီး မွန်ပြည်ကြား ကာလနဲ့ ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်တာတွေ မွန်ပြည်သစ်ပါတီ ADက လုပ်ဆောင်သွားဖို့ ရှိနေတာပါ။
စစ်ကောင်စီကို ဖယ်ရှားပြီး တော်လှန်ရေးအင်အားစုအားလုံး ပါဝင်တဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနဲ့ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းပြီး အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိစေရေးနဲ့အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုမှာလည်း မွန်ပြည်သစ်ပါတီ AD ရဲ့ လမ်းပြမြေပုံမှာ ထည့်သွင်းထားတာပါ။
မွန်ပြည်သစ်ပါတီ AD ဟာ ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အ ပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက် အထက်ဖော်ပြပါ အချက်တွေ အကောင်အ ထည်ဖော်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းလုပ် ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကောင်စီ ပြန်တိုက်တော့မယ်လို့ စစ် ကြေညာခဲ့ပြီး လက်ရှိမှာလည်း တော် လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP