ကျိုက်မရော ၊ ဧပြီ ၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ရဲ့ တောင်ဘက်မှာရှိတဲ့ ဓမ္မသရွာ မီးလောင်မှုအတွင်း ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦး မီးကျွမ်းသေဆုံးခဲ့ရတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးသ မားတွေဆီက သိရပါတယ်။

ဓမ္မသရွာကို စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေတပ်တွေကနေ လက်နက်ကြီးအမြောက်တွေနဲ့ ပစ် ခတ်မှုကြောင့် မတ် ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ အရပ်သားနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲကာ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတာပါ။

အဲဒီနောက်ပိုင်း ဓမ္မသရွာကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ဓမ္မသရွာနဲ့အနီးအနားရှိ ပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို နေအိမ်စောင့်ရင်း ရွာမှာကျန်ခဲ့တဲ့သူတချို့လည်း ရှိနေတာပါ။

မတ် ၃၁ ရက်နေ့က ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ရှာဖွေမှုအရ ဓမ္မသရွာ ၅ လမ်းနဲ့ ၆ လမ်းကြားက မီးလောင်ပြာကျခဲ့တဲ့ အိမ်တစ်အိမ်ရဲ့ အိမ်သာခန်းထဲမှာ မီးလောင်ကျွမ်းပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး မတ် ၂၇ ရက်နေ့ မီးလောင်မှုအ တွင်း သေဆုံးခဲ့ရတာလို့ မြေပြင်ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီ ၁ ရက်နေ့မှာတော့ သေဆုံးသူကို ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကော့ပလိုင်ကျေး ရွာ သုဿာန်မှာ သင်္ဂြိုဟ်ပေးပြီးသွားပေမယ့် သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဂျိုင်းမြစ်အတွင်းက စစ်ကောင်စီရေတပ်ရဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးပစ် ခတ်မှုတွေနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ရွာထဲ မဝင်ရဲသလို တောင်ခြေနဲ့ ကျောက်ဂူအောက်မှာ စစ်‌ရှောင်ဒေသခံ ၂၀၀ ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းအသိမ်းခံရတဲ့ ကော့ဘိန်း၊ကော့ပေါက်ကျေးရွာဘက်မှာလည်း ဧပြီ ၁ ရက်နေ့ မနက်ပိုင်းကနေ နေ့လည်အထိ သုံးကြိမ်ထက်မနည်း လေကြောင်းပျံသန်းမှုရှိပြီး လက် နက်ကြီးပစ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်း ပိုက်ပြီးချိန်ကတည်းက စစ်ကောင်စီတပ်ဟာ အနီးအနားရှိကျေးရွာတွေကို ကြည်း၊ ရေ၊ လေတပ်ကနေ လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာပါ။

ဒါကြောင့် ဂျိုင်းမြစ်ရဲ့ တောင်ဘက်မှာရှိတဲ့ ရမ္မာဝတီကားလမ်းပေါ်က ကော့ဘိန်း၊ ကော့ပေါက်၊ ဘု ရားကြီး၊ ဓမ္မသ၊ သံကလောင်၊ တရနာနဲ့ ကော့သပ်စတဲ့ ကျေးရွာနေပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အခြေခံစားစရာတွေအပါအ ဝင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီသူတွေရဲ့ ပြောပြချက်အရ သိရ ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဂဠုန်စစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.