ထားဝယ်၊ ဧပြီ ၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ အမှတ် (၃၀၂) အမြောက်တပ်ရင်းကို အင်းအားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

မနေ့ မတ် ၃၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ အင်အား ၈၀ ဝန်းကျင်၊ မြေတင်ကား ၂ စီးနဲ့ ကလိန်အောင်ဘက်မှ ထားဝယ်မြို့  အမြောက်တပ်ကို အင်းအားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီတပ်အား ရေး-ထားဝယ်လမ်းမကြီးမှာ ဗထူးတပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန် ၁ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကာင်စီဘက်က ကား ၁ စီး တိမ်းမှောက်ပျက်ဆီးကာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၄၀ နီးပါး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ထက်မြက်က တိမ်းမှောက်သွားတဲ့ မြေတင်ကားပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ထဲမှ ၂၀ ဦး ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရတဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရလို့ တိမ်းမှောက်သွားတဲ့ မြေတင်ကားကို စစ်ကောင်စီတပ်သားတွေက ပြန်လာယူဖို့ ကြိုးစားခဲ့ပေမယ့် ဗထူးတပ်မတော်က ဒီနေ့ မနက် ၈ နာရီအချိန်ခန့်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရဲဘော်ထက်မြက်က ဆိုပါတယ်။

ဒါအပြင် အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ဇဟာကျေးရွာလမ်းမကြီးမှာ လုံခြုံရေး ယူပေးနေတဲ့ အမှတ်(၃၀၄) အမြောက်တပ်က တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BHA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.