တနင်္သာရီ၊ ဧပြီ ၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာရှိတဲ့ PDF ကင်းစခန်းတစ်ခု အလစ်ငိုက်တိုက်ခိုက်ခံရတာကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ တမုတ်ချုံးကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ် ရေး အဖွဲ့ တွေရဲ့ ကင်းစခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တပ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ PDF ကင်းစခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တဲအတွက် PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခံရတဲ့ PDF ရဲဘော်နှစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တဲ့အပြင် ဒရုန်း ၂ စင်းနဲ့ ဆက်စပ်ပစ္စည်း အများအပြားဆုံးရှုံးခဲ့တယ်လို့ တနင်္သာရီ ပကဖပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အလောင်းတွေကို သွားပြန်ယူရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဆုတ်ပြေးသွားတဲ့အတွက် အလောင်းပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြောင်းဟာ တမုတ်ချုံးကျေးရွာတဝိုက်မှာ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.