စလင်း – ဧပြီ ၁
မကွေးတိုင်း၊စလင်းမြို့နယ်မှာ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ် လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်လိုက်တာဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ အလောင်းပြန်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ စလင်းမြို့နယ် အောက်လှိုင်းရွာသား ကိုနေလင်းမောင်ဆိုသူဖြစ်ပြီး သူဟာ စျေးရောင်းသွားချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကောင်လေးက ဈေးသည်။ဈေးရောင်းသွားတာကို ထောက်ပို့ဆိုပြီး ဖမ်းဆီးရိုက်နှက်တာကနေ လက်လွန်ပြီးသေဆုံးသွားတာပါ။ သေဆုံးတဲ့အလောင်းကိုတော့ ဓာတ်ပုံပေးမရိုက်ဘူးလို့ပြော တယ်” လို့သူက ပြောခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စလင်းမြို့နယ်အတွင်း အင်အားဖြည့်တင်းတာတွေပြုလုပ်နေပြီး မတ်လ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ အင်အား ၁၂၀ ဝန်ကျင်ကို ကုန်းခြား၊ငလှိုင်းတွင်းကျေးရွာတွေကို ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅၀၀၀ နီးပါးရှိနေပြီဖြစ်ပြီး မကွေးတိုင်းမှာတော့ ၃၀၀ ကျော်သေဆုံးထားပြီး အဲဒီအရေအတွက်ဟာ မြန်မာနိုင်ငံအတွင်း တတိယအများဆုံးဖြစ်တယ်လို့ AAPP မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ