နေပြည်တော် ၊ မတ် ၂၃
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ့် အသုံးစရိတ်တွေ ဦးစားပေးသုံးစွဲကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဌဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အ စည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ့် အ သုံးစရိတ်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အထောက်အကူပြုတဲ့ အသုံးစရိတ်တွေအား ဦးစားပေးသုံးစွဲကြဖို့ ပြောကြားခဲ့တာပါ။
စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အရ လာမယ့်ဘဏ္ဍာရေးနှစ်မှာ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်ကာ ကွယ်ရေးအကြောင်းပြချက်နဲ့ စစ်အသုံးစရိတ် ထပ်တိုးသွားမယ်လို့ နားလည်ရပါတယ်။
နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ခေါင်းဆောင်ပြောဆိုမှုဟာ အခုဘဏ္ဍာရေးနှစ်မှာလည်း စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဦးမယ်လို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီကတော့ သူ့ရဲ့ ဘဏ္ဍာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့်နေတာပဲ။ ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင် အစိုးရအသုံးစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်အမြင့်မားဆုံး သုံးစွဲပြီးတော့ တစ်ပြည်လုံးမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီတော့ အခုလည်း စစ်မှုမထမ်းမနေရ ဥပဒေကိုအကြောင်းပြုပြီး ဘတ်ဂျက်က တိုးမြှင့်ဦးမှာပါ။ အဲဒီတော့ ၅၀ ရာခိုင်နှုန်းကျော်ပြီးတော့ ဘယ်လောက်အထိ တိုးမြှင့်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အာဏာစက်ရဲ့ ဗဟိုချက်ရှိတဲ့ နေပြည်တော်အပါအဝင် ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းကလွဲရင် တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး မြေပြင်စစ်ဆင်ရေးတွေမှာ အရေးနိမ့်လာနေတဲ့အတွက် လေကြောင်းပစ်ကူတွေကို ပိုမိုအားထားနေရပါတယ်။
တစ်ဘက်မှာ အာဏာသိမ်းမှုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကြောင့် တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းဖို့ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းထားတာပါ။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲခဲ့တဲ့အတွက် အခုဘဏ္ဍာရေးနှစ်မှာလည်း အရင်နှစ်က ပမာဏထက် ပိုမိုတိုးမြှင့်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီအနေနဲ့ ဧပြီ ၁ ရက်နေ့မှာ အကျိုးသက်ရောက်စေမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းနဲ့ အရအသုံးဆိုင်ရာ ဥပဒေကို မတ် ၃၁ ရက်နေ့မှာ တရားဝင်ပြဌာန်းကြေညာသွားဖို့ ရှိနေတာပါ။
အဲဒီအတွက် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ကတဆင့် စစ်ကောင်စီထံ အချိန်မီပေးပို့တင်ပြနိုင်ရေးအ တွက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တွေက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြဖို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။
အခုဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေဖို့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေးအထက်တန်းကျောင်း အသုံးစရိတ်တွေစတဲ့ ပိုမိုလိုအပ်တဲ့ ကဏ္ဍတွေအတွက် ဦး စားပေးလျာထားသုံးစွဲသွားမယ်လို့ ဆိုပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုဝန်ကြီးဌာနတွေက နယ်မြေအခြေအနေအရ လုပ် ငန်းဆောင်ရွက်နိုင်မှုမရှိတာနဲ့ အကြောင်းအမျိုးမျိုးကြောင့် အထွေထွေပိုလျှံရန်ပုံငွေထဲက ပညာ ရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးကိစ္စတို့မှာ အထူးကိစ္စတစ်ရပ်အနေနဲ့ လွှဲပြောင်းသုံးစွဲခွင့်ပြုထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီမိုကရေစီအစိုးရနှစ်ဆက် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ကျန်းမာရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေမှာ သုံးဖို့ပြောတာဟာ အသံကောင်းဟစ်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်စရိတ်တိုးမြှင့်ခြင်းအားဖြင့် တိုင်းပြည်မဖွံ့ဖြိုးတဲ့အပြင် စစ်အာဏာရှင်တွေပိုပြီး လက်ဇောင်းထက်လာတာပေါ့။ ပိုပြီးအစွမ်းအစပြလာတယ်။ ဒါကြောင့် ဒီအချိန်မှာလည်းပဲ (စစ်) အသုံးစရိတ်တောင်းခံခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ကျန်းမာရေးနဲ့ ပညာရေးအခြားကဏ္ဍတွေမှာ သုံးမယ်လို့ ပြောတာက အသံကောင်းဟစ်နေတာ ဖြစ်တယ်။ တကယ်တမ်းကျတော့ စစ်စရိတ်က (ဘတ်ဂျက်) အသုံးများတာ ကြာခဲ့ပါပြီ။ ၂၀ ရာခိုင်နှုန်းအထက်တောင် တစ်ခါတစ်ခါပေးရတယ်။ ဒါကြောင့် ဒီအချိန်မှာ ကာကွယ်ရေးစစ်အသုံးစရိတ်ငွေတွေကို တိုင်းပြည်ဖွံ့ဖြိုးရေးထဲမှာ သုံးနိုင်ရင်ပိုကောင်းတယ်”လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ပြည်တွင်းစစ်မှာ ကိုယ့်အချင်းချင်း တိုက်နေရတဲ့ တိုက်ပွဲထဲ အနိုင်ယူဖို့ စစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေ ဝယ်ယူတာနဲ့ စစ်သားတွေအတွက် ပိုသုံးဖို့လောက်သာဖြစ်တယ်လို့ သူကထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် မတ် ၃၁ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနရဲ့ ကဏ္ဍ ၄၅ ခုအတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၁၉၀၀၀ ကျော် ခွင့်ပြုခဲ့တာပါ။
အဲဒီထဲက စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ ခွင့်ပြုပေးခဲ့ပြီး လူထုအတွက်လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍတွေမှာခွင့်ပြုပေးတဲ့ အသုံးစရိတ်တွေဟာ ကာကွယ်ရေးအသုံးစရိတ်နဲ့ယှဉ်ရင် သိသိသာသာ လျော့နည်းခဲ့တာပါ။
အရပ်သားအစိုးရလက်ထက်မှာ တင်ပြလာတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်ထောင်စုလွှတ် တော်ကနေ ခွင့်ပြုပေးတဲ့ ပမာဏကိုသာ ရယူသုံးစွဲခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လိုသလောက်ပမာဏကို စစ်ကောင်စီက ထုတ်ယူသုံးစွဲနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI