ဘန်ကောက်၊ မတ် ၁၄
နန်းတော်အပေါ်စော်ကားမှုကို တားမြစ်ထားတဲ့ဥပဒေကို ပြောင်းလဲရေး Move Forwardပါတီရဲ့ ကြိုးပမ်းမှုက နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ကို အားလျော့စေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပါတီဖျက်သိမ်းရေး ထိုင်းရွေး ကောက်ပွဲကော်မရှင်က တရားရုံးကိုဦးတိုက် လျောက်ထားမှာဖြစ်တယ်လို့ မတ် ၁၂ရက်နေ့မှာ ပြောကြားပါတယ်။
ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီက နန်းတော်စော်ကားမှုဆိုင်ရာ ဥပဒေကို ပြောင်းလဲဖို့ စီစဉ်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေတရားရုံးက ဇန်နဝါရီလအတွင်း ပြောကြားခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်ရဲ့ အဲဒီဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ရာဇဝတ်မှုပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲရေး အဲဒီပါတီရဲ့အဆိုပြုမှုဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံဆိုင်ရာ နန်းတော်စနစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဘုရင်ကို နိုင်ငံ့ခေါင်းဆောင်နေရာမှာ ထားထားတဲ့ ဒီမိုကရေစီစနစ်ကို Move Forward ပါတီက အားလျော့အောင် လုပ်ဆောင်နေတဲ့ အထောက်အထားရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီးနောက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ Move Forwardပါတီကို ဖျက်သိမ်းရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးထံ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Move Forward ပါတီရဲ့ တိုးတက်ရေး အစီအစဉ်ဟာ လူငယ်သန်းပေါင်းများစွာနဲ့ မြို့ပြမဲပေးသူတွေရဲ့ အသံကို ပဲ့တင်ထပ်စေခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စစ်တပ်ထောက်ခံတဲ့ ပါတီတွေကို အံ့သြဖွယ်အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ပါတီက နန်းတော်စော်ကားမှုဆိုင်ရာ ဥပဒေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုကြောင့် နန်းတော်လိုလားတဲ့ စစ်တပ်နဲ့ မဟာမိတ် ရှေးရိုးစွဲ လွှတ်တော်အမတ်တွေကို ဒေါသထွက်စေခဲ့ပြီး သူတို့က Move Forward ပါတီရဲ့ အစိုးရဖွဲ့ရေး ကြိုးပမ်းမှုကို တားဆီးခဲ့ကြပါတယ်။
နန်းတော်စော်ကားမှုဆိုင်ရာ ဥပဒေအရ ဘုရင် ၊မိဖုရား၊ထီးနန်း အမွေခံနဲ့ ရင်ခွင်ပိုက် အုပ်စိုးသူတို့ကို အသရေဖျက်တာ ဒါမှမဟုတ် စော်ကားတယ်လို့ ထင်မှတ်ရတဲ့လုပ်ရပ်တွေအတွက် ထောင် ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
Ref:Reuters