နမ့်ခမ်း၊ မတ် ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ ဒေသတွေက ဘိန်းစိုက်ခင်း ဧက ၁၀၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
နမ့်ခမ်းမြို့နယ် တပ်မဟာ (၁) စစ်ဒေသမှာရှိတဲ့ ကျေးရွာ ၁၅ ရွာက ဘိန်းစိုက်ခင်း ၁၁၂၅ ဧကကို ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကစပြီး မတ် ၁၂ နေ့အထိ ၉ ရက်ကြာ ဖျက်ဆီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီကျေးရွာတွေဟာ တာကွမ့်၊ ရှောက်ကုန်းကန်၊ မန်းပန် (ထက်၊အောက်)၊ ကန်ဖာ၊ အထက်ဆတန်း၊ အောက်ဆတန်း၊ ပန်းဆေး၊ ဆန်ချယ်၊ မန်းမောင်း၊ မန့်ပိုင်၊ လျောက်ပန်းကုန်း၊ ပုံစာတီ၊ ၁၂ မိုင်၊ ပါင်ဝိုနဲ့ မည်ခမ်းကျေးတွေဖြစ်ပြီး အရင်က စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။
အဲ့ဒီဒေသတွေက ဘိန်းစိုက်ခင်းတွေကို TNLA က ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် သွားရောက်ဖျက်ဆီးခဲ့ပေမယ့် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာတဲ့အပြင် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း ဘိန်းတန်ချိန် ၁၀၀၀ ကျော် ထုတ်လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ UNODC က ထုတ်ပြောထားပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့ ၇ မြို့ သိမ်းပိုက်ထားပြီး ဘိန်းစိုက်ခင်း ဖျက်ဆီးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသလို ကျန်ရှိနေတဲ့ ဘိန်းစိုက်ခင်းတွေလည်း ဆက်လက်ဖျက်ဆီးရေး လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA