မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉

နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ် ညီလာခံကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ဖေ‌ဖော်ဝါရီ ၂၈ ရက်နေ့က စတင်ကျင်းပတယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ တစ်နှစ်တာ လုပ်ငန်းစဉ်တင်ပြတာ၊ သုံးသပ်တာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်သွားဖို့ ၊ MSFC အဖွဲ့ဝင်တွေနဲ့ မွန်ပြည်အတွင်း အခြေစိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ မွန်ပြည်ဖက်ဒရယ်အရေးမှာ ပူးပေါင်းပါဝင်ခွင့်ရှိဖို့ ရည်ရွယ်ထားတာပါ။

ဒါ့အပြင် MSFC ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေးလမ်းပြမြေပုံတွေကို စုပေါင်းခေါင်းဆောင်မှုနဲ့ ဆက်လက်အကောင်အထည်ဖော်ဖို့၊ ပြည်သူလူထုတွေအနေနဲ့ MSFC အကြောင်း ပိုမိုသိရှိလာနိုင်ဖို့နဲ့ မွန်ပြည်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ် ချက်ချမှတ်ဖို့ ရှိနေပါတယ်။

ညီလာခံတက်ရောက်ဖို့ မွန်ပြည်နယ်အခြေပြုနိုင်ငံရေး တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအစုအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အ စည်းတွေကိုလည်း ဖိတ်ကြားထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဧပြီအတွင်း မွန်ပြည်ကြား ကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ပြုလုပ်တဲ့ ပထမကြိမ်ညီလာခံအပြီး ပြည်နယ်ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် အသွင်ကူး ပြောင်းခဲ့တာပါ။

ပထမကြိမ်ညီလာခံမှာ MSFC ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ နိုင်ငံရေးလမ်းပြမြေပုံနဲ့အတူ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ပြီး တော်လှန်ရေးကာလ၊ ကြားကာလမှာကျင့်သုံးဖို့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပ ဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအစီအမံတွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ မွန်ပြည်အခြေပြုလက်နက်ကိုင်တပ်အဖြစ် မွန်ပြည်တော်လှန်ရေးတပ် MSRF ကို တည်ထောင်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာလည်း ဝန်ကြီး သုံးဦးနဲ့ NUCC မှာ ကိုယ်စားလှယ်သုံးဦးအဖြစ် ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.