ရမ်းဗြဲ ၊ ဖေဖော်ဝါရီ ၂၉

စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုပေါင်း ၁၂၀၀ ကျော်အထိရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီကြောင့် ကျန်းမာရေးကဏ္ဍတွေဖြစ်တဲ့ ဆေးရုံ၊ဆေးခန်း ပျက်စီးမှု ၃၀၀ ကျော်နဲ့ ကျန်း မာရေးလုပ်သား ၁၀၄ ဦး သတ်ဖြတ်ခံရပြီး ၁၃၀ ကျော်ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါ ရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ မင်းပြားမြို့ နယ်ရှိ မင်းဖူးဆေးရုံကို ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ တမင်တကာ ဗုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အဲဒီဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး တစ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေ၊ သုံ့ ပန်းမိသားစုဝင်တွေကို ဆေးကုသပေးနေတဲ့ အရပ်ဘက်ဆေးရုံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာလည်း ရခိုင်ဒေသရှိ ရမ်းဗြဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဖျက်အားပြင်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ မြို့မဆေးရုံတစ်ခုလုံး မြို့မဈေး၊ သီလရှင်ကျောင်းနဲ့ လူနေအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊‌ကောလင်းမြို့ရှိ ပြည်သူ့ဆေးရုံကိုလည်း ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဆေးရုံတစ်ခုလုံး ကြီးမားစွာထိခိုက်ပျက် စီးခဲ့ပြီး လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အချိန်မီတိမ်းရှောင်နိုင်ခဲ့လို့ ထိခိုက်မှုမရှိခဲ့တာပါ။

စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသား ချင်းစာနာထောက်ထားရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေနဲ့ ပြည်တွင်းပြည်ပဥပဒေတွေကို မျက် ကွယ်ပြုပြီး ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် တမင်ရည်ရွယ်ပစ်မှတ်ထားတဲ့ တိုက် ခိုက်မှုတွေကို အကြိမ်ကြိမ်ရက်စက်စွာ ကျူးလွန်နေတာလို့ NUG က ဆိုပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနနေဲ့ရခိုင့်တပ်တော်၊ ရခိုင်ပြည်သူတွေနဲ့လည်းကောင်း စစ်ကိုင်း တိုင်းအပါအဝင် တစ်နိုင်ငံလုံးက တိုင်းရင်းသား ပြည်သူအပေါင်းနဲ့လည်းကောင်း တရားမျှတမှုဘက်မှာအတူတကွ တစ်သားတည်း လက်တွဲရပ်တည်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီအပေါင်းအပါ ကျူးလွန်သူအားလုံးကို ပြည်သူ့တရားဥပဒေနဲ့အညီ ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး တရားမျှတမှုပြန်လည်ရရှိအောင် ဆောင်ကျဉ်းသွားမယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.