သထုံ၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုးကောင်းတံတားဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

“တံတားတစ်ခုလုံး ပြိုကျသွားတာ၊ ဘယ်ယာဉ်မှသွားလို့မရတော့ဘူး၊ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက ပတ်သွားနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် တံတားအနီးရှိ ဖရဲသီးရောင်းတဲ့ဈေးဆိုင်တချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ မိုးကောင်းတံတားဟာ အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ ရှိတဲ့ တံတားတစ်စင်းဖြစ်ပြီး မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူး၊ရန်ကုန်နဲ့တနင်္သာရီတိုင်းတို့ကို အဓိက ကုန်သွယ်သွားလာနေတဲ့ လမ်းပိုင်းမှာ တည်ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.