ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၉
ကမ္ဘာတဝှမ်းက နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ နျူလက်နက်အသုံးပြု ပြီး ဦးအောင်မတိုက်ခိုက်ရေး သဘောတူညီမှုရယူဖို့ ညှိနှိုင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လက်နက်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။
သဘောတူညီမှုတစ်ရပ် လက်မှတ်မရေးထိုးဘူးဆိုရင်လည်း အဲဒီနိုင်ငံတွေအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ကြေညာချက်တွေထုတ်ပြန်ဖို့ တရုတ်က တိုက်တွန်းထားပါတယ်။
လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဖရန့်ရဲ့ ညွှန်းဆိုမှုအတိုင်း နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး သူတို့ရဲ့ တာဝန်တွေကို ပြည့်မြောက်အောင် လုပ်ဆောင်ကြဖို့လည်း ညွှန်ကြားရေးမှူးချုပ် ဆွန်ကျားဘိုက တိုက်တွန်းကြောင်း ဆင်ဟွာ သတင်းမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ အပတ်စဉ်အစဉ်းအဝေးမှာ ဆွန်ကျားဘိုက နျူလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအနေနဲ့ အဲဒီလက်နက်တွေနဲ့ မခြိမ်းခြောက်ရေး နိုင်ငံတကာ ဥပဒေစနစ်တစ်ရပ်အတွက် လမ်းပြမြေပုံ ဒါမှမဟုတ် အချိန်သတ်မှတ်ချက် ရေးဆွဲသင့်တယ်လို့ ဆိုခဲ့တာပါ။
လက်ရှိမှာတော့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကသာ နျူကလီးယားလက်နက်တွေနဲ့ ကိုယ်ကဦးအောင် အသုံးပြုမတိုက်ခိုက်ရေး မူဝါဒကို တရားဝင် ဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးနိုင်ငံတကာ သဘောတူညီမှုရယူဖို့ လိုအပ်နေတယ်လို့ ဆွန်က ပြောပါသေးတယ်။
နိုင်ငံတကာလုံခြုံရေး အခြေအနေဟာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရပြီး စစ်အင်အား အကြီးမားဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ လုံးဝသာလွန်အနေအထားကို ဖော်ပြဖို့ အတွက် သဘောတူညီမှုတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတာဖြစ်တယ်လို့ တရုတ်က ပြောပါ တယ်။
ကမ္ဘာမှာ အကြီးမားဆုံးနျူကလီးယား လက်နက်တိုက်တွေကို အမေရိကန်နဲ့ ရုရှားတို့က ပိုင်ဆိုင်ထားကြတာဖြစ်တယ်လို့ သိရပါတယ်။
Ref: Reuters