ဒီးမော့ဆို – ဖေဖော်ဝါရီ ၂၈

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းမှာ စစ်ရှောင်ကလေးငယ်တွေအတွက် ဖွင့်လှစ် ပေးထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အခုချိန်ထိ ပြန်မဖွင့်နိုင်သေးဘူးလို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒေါဆီအီကျေးရွာမှာရှိတဲ့ စာသင်ကျောင်းကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ကျောင်း ၁၀၀ ကျော်ကို အရေးပေါ်ပိတ်လိုက်ရတာပါ။

အဲဒီတိုက်ခိုက်မှုဟာ ကလေးငယ် ၂၀၀ ကျော်ပညာသင်ယူနေတဲ့ စာသင်ကျောင်းပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၄ ဦးသေဆုံးခဲ့ရသလို ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ကျောင်းတွေကို ဆက်လက်ပိတ်ထားပေမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွေဖြေဆိုရှိနေတဲ့အတွက် အတန်းကြီးတချို့ကိုတော့ စာမေးပွဲဖြေဆိုနိုင်အောင် ပြင်ဆင်ထား တာတွေရှိတယ်လို့ KHAI ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။ 

” အခုလောလောဆယ်တော့ပိတ်ထားတယ်ပေါ့နော်။ ပြန်ဖွင့်ဖို့လည်း အခြေအနေက အဆ​​င်မပြေ သေးတော့ တော်တော်များများကတော့ပိတ်ထားတယ်။ဒါပေမယ့် အတန်းကြီးတွေကတော့ အခု စာမေးပွဲကာလအခါဖြစ်တော့ စာမေးပွဲပြီးတဲ့အထိ ယာယီဖွင့်ထားတာပေါ့နော်။ကျန်တဲ့အတန်း ငယ်တွေကတော့ ပိတ်ထားတယ်ဗျ” လို့သူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း စစ်ကောင်စီဘက်က ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ဗုံးကြဲတာတွေရှိခဲ့သေးတယ်လို့ သူကပြောပါသေးတယ်။ 

၂၀၂၂ ခုနှစ်အစောပိုင်းတည်းက ဒီးမော့ဆိုမြို့နယ် အနောက််ဘက်ခြမ်းကို စစ်ကောင်စီ ခမရ ၄၂၂ လက်နက်ကြီးတွေနဲ့ ညစဉ်လိုလိုပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းတွေအနီးမှာ ကျရောက် ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုလက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့ချိန်မှာတော့ စာသင်ကျောင်းတွေကို နေတစ်ပိုင်း ဖွင့်တာ ဒါမှမဟုတ် တစ်ပတ်လောက်ပိတ်တာမျိုးသာရှိခဲ့ပေမယ့် လေယာဉ်နဲ့ စာသင်ကျောင်း ပေါ် ဗုံးတည့်တည့်ကြဲချချိန်မှာသာ ကျောင်းအားလုံးတပြိုင်တည်းပိတ်ပင်ခဲ့ရတာဖြစ်တယ်လို့ KHAI က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ စစ်ဘေးရှောင်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.