တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ ခု  ဒရုန်းနဲတိုက်ခိုက်ခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တနင်္သာရီအခြေစိုက် ခမရ(၅၆၁)တပ်၊ အမှတ်(၃၀၆)အမြောက်တပ်နဲ့ ဗောဓိကမ်းစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

“တစ်နေရာကို အနည်းဆုံးဗုံး ၃ လုံးချခဲ့တာ၊ မော်တုန်း အမြောက်တပ်ထဲချချိန်မှာ စကစဘက်က ထိခိုက်သေဆုံးတာရှိတယ်၊ ကျန်တဲ့နှစ်နေရာတော့ သေချာ မသိရသေးဘူး”လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၃၀၆) အမြောက်တပ် တိုက်ခိုက်မှုမှာ ဗုံးသီးတွေဟာ စစ်ကောင်စီတပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမြောက်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ မရင်းကြီးကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၀ အရွယ် ဒေသခံအမျိုးသား ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအနီးရှိ ခလရ (၅၅၆) တပ် ဒရုန်းဗုံးချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.