မင်းပြား၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ် မင်းပြားမြို့ ကမ်းနီးကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၉) လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
တိုင်းဗဟို (၉) လို့ခေါ်တဲ့ အဲ့ဒီလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲ့ဒီသင်တန်းကျောင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့သလို ရက္ခိုင့်တပ်တော်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ အမှတ် (၉) လေ့ကျင့်ရေးသင်တန်းကျောင်းကို လက်လွှတ်လိုက်ရတဲ့အတွက် မနေ့ နေ့လည် ၁ နာရီခွဲ အချိန်ခန့်က မင်းပြားမြို့နယ်ရှိ မင်းဖူဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်းရှိ အဆာက်အအုံတွေ ထိခိုက်ပျက်ဆီးခဲ့ပြီး အပြစ်မဲ့အရပ်သားတွေနဲ့ ဆေးရုံဝန်းထမ်းတွေလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော်အနေနဲ့ ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့တို့မှာ ကျန်ရှိတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA Info Desk
ပုံစာ – မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်စဉ် ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ။