ဂါဇာ ၊ ဖေဖော်ဝါရီ ၂၉
ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ လူပေါင်း ၅၇၆၀၀၀ ထဲက လေးပုံတစ်ပုံဟာ အငတ်ဘေးဆိုက်ခါ နီးနေပြီလို့ ကုလသမဂ္ဂအကူအညီပေးရေးအရာရှိတစ်ဦးက လုံခြုံရေးကောင်စီကို အသိပေးခဲ့ပါတယ်။
အရေးယူဆောင်ရွက်မှုမရှိဘူးဆိုပါက အငတ်ဘေးကျရောက်မှုဟာ ဧကန်မလွဲ ဖြစ်လာနိုင်တယ် လို့ သူက ဆိုခဲ့တာပါ။
တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ ဂါဇာမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် အပစ်ခတ်ရပ်စဲရေး ထပ်မံတိုက်တွန်းကြောင်းနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ် ရာမတ်ချ် ရာဂျာဆင်ဟမ်က အသိပေးထားပါတယ်။
ဂါဇာမြောက်ပိုင်းက အသက် ၂ နှစ်အောက် ကလေးငယ် ခြောက်ဦးထဲက တစ်ဦးဟာ အာဟာရ ပြတ်လပ်နေပြီး ပါလက်စတိုင်း ကျွန်းစွယ်မှာရှိတဲ့ လူ ၂ ဒသမ ၃ သန်းဟာ အသက်ရှင်ရပ်တည်ဖို့ စားနပ်ရိက္ခာ လုံလောက်မှု မရှိဖြစ်နေတယ်လို့ သူက လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။
ဒါ့အပြင် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ ကျယ်ပြန့်တဲ့ အတားအဆီးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဂါဇာဒေသထဲကို အကူအညီပေးပို့နိုင်မှုဟာ အနည်းဆုံးအခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
ဂါဇာမှာ လူသားချင်းစာနာထောက်ထားရေး အခြေအနေတွေ တိုးတက်လာအောင် လုပ်ဆောင်သွားမယ်လို့ အစ္စရေးက ကတိပြုထားပါတယ်။
အစ္စရေး လက်ထောက်ကုလသမဂ္ဂသံအမတ် ဂျွန်နသန် မတ်လာက အကူအညီပေးပို့နိုင်မှု အတိုင်းအတာဟာ ကုလသမဂ္ဂနဲ့ တခြားအကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ စွမ်းပကား အပေါ်မှာ မူတည်နေတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်က ဂါဇာဒေသကို အကူအညီပေးရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ပေးဖို့ အစ္စရေးကို တိုက်တွန်းထားပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က မွတ်စလင်တို့ရဲ့ ဥပုသ်လရောက်ပါက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး အစ္စရေးက သဘောတူထားတယ်လို့ ဆိုပေမယ့် ဒီပြောဆိုချက်ကြောင့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက အံ့ဩမိတယ်လို့ ပြန်လည်ချေပထားပါတယ်။
ဂါဇာဒေသခံတွေဟာ စားစရာနဲ့ ရေလုံလောက်မှုမရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အကူအညီပေးရေး ယာဉ်တန်းတွေ လုယူခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Ref: Reuters