ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲမရှိတော့တဲ့အတွက် ဒေသခံတွေ နေအိမ်ပြန်လိုကြပေမယ့် ကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာထဲပေးမဝင်တာကြောင့် နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်ခဲ့တဲ့ ချောင်းနှစ်ခွနယ်ရဲစခန်းနဲ့ အတ္ထရံတံတားဂိတ်စခန်း တိုက်ပွဲတွေကြောင့် ချောင်းနှစ်ခွဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ၄ လနီးပါး ရှိလာပြီဖြစ်ပါတယ်။

ဒါပေမယ့် ချောင်းနှစ်ခွတိုက်ပွဲဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့နောက်ပိုင်း ချောင်းနှစ်ခွဒေသကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် တိုက်ပွဲမဖြစ်တာ နှစ်လနီးပါးရှိလာခဲ့တာပါ။

တိုက်ပွဲမရှိတော့အတွက် ဒေသခံလူကြီးတွေက နေရပ်ပြန်ရဖို့ ချောင်းနှစ်ခွနယ်မြေစခန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ သွားရောက်တောင်းဆိုထားပေမယ့် စစ်တပ်ဘက်က နေလို့ရရင် အ ကြောင်းပြန်ပေးမယ်လို့ ပြောဆိုကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ချောင်းနှစ်ခွစစ်ရှောင်ပြည်သူတွေကတော့ ကျေးရွာထဲပြန်လည်နေထိုင်ခွင့် မပေးသေးရင်တောင် နေအိမ်တွေမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေပြန်ယူခွင့်၊ နေအိမ်ကို ပြန်လည်ကြည့်ရှု့ခွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

လက်ရှိမှာတော့ ချောင်းနှစ်ခွဒေသစစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက်ရှည်ကြာလာတာနဲ့အမျှ အစားသောက်၊ ဆေးဝါး၊ နေရာထိုင်ခင်းအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ လို အပ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်ဟာ ချောင်းနှစ်ခွကျေးရွာထဲ ဝင်ရောက်လာတဲ့ ဒေသခံပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ချောင်းနှစ်ခွဒေသကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ချောင်းနှစ်ခွ၊ တောင်ကလေးအပါအဝင် ကျေးရွာ ၅ ရွာမှာရှိတဲ့ ဒေသခံနေအိမ် နှစ်ထောင်နီးပါးက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ ကျူးလွန်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရက်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ပြည်သူ ၃၀၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.