ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ် ကျိုက်မရောမြို့ အောင်သုခရပ်ကွက် ကျွန်းရွာသွားကားလမ်းဘေးရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီးနောက် အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က အသက် ၅၉ နှစ်အရွယ် ဒေါ်ပါးပါးသီး အပါအဝင် အမျိုးသမီး ၃ ဦး နေထိုင်တဲ့ နေအိမ်ကို ဓားရှည်၊ ဓားမြှောင်တွေကိုင်ဆောင်ထားတဲ့အမျိုးသား ၂ ဦးက ဓားပြဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
“သိရသလောက်က နေအိမ်ကို ဓားပြဝင်တိုက်ရာကနေ အမျိုးသမီးနှစ်ယောက်ကို သတ်သွားတာ၊ တစ်ယောက်ကတော့ အသက်မသေဘဲ ကျန်ခဲ့တယ်၊ ပစ္စည်းမပေးလို့ လူကို သတ်တာ ဖြစ်မယ်”လို့ ဒေသခံတစ်ဦး ဆိုပါတယ်။
ဓားပြဝင်တိုက်မှုမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်ပါးပါးသီနဲ့ အသက် ၅၀ အရွယ် ညီမဖြစ်သူ ဒေါ်လှလှဝင်းတို့ ညီမနှစ်ဦးဟာ လည်ပင်းနဲ့ဝမ်းဗိုက်တွေမှာ ထိုးသွင်းဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဓားပြတိုက်ခံရတဲ့ နေအိမ်ဟာ ကုန်စုံဆိုင်ဖွင့်ထားပြီး ရပ်ကွက်အတွင်း ငွေတိုးချစားတဲ့သူတွေ ဖြစ်ပြီး ဖြစ်စဉ်အတွင်း ရွှေငွေနဲ့လက်ဝတ်လက်စား အများအပြားပါသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးအလောင်းကိုတော့ ဒေသခံတွေက ကျိုက်မရောဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ