တိုကျို၊ ဖေဖော်ဝါရီ ၂၈
တောင်တရုတ်ပင်လယ်မှာ လုံခြုံရေးတိုးမြှင့်ဖို့ အာဆီယံအဖွဲ့ဝင် လေးနိုင်ငံဖြစ်တဲ့ မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို ၁၀ နှစ်ကြာ ရေပြင်လုံခြုံရေးအကူအညီပေးဖို့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က စီစဉ်နေပါတယ်။
လုံခြုံရေးအနေအထားအရ အဲဒီ လေးနိုင်ငံဟာ ဂျပန်အစိုးရအတွက် ထိပ်တန်းဦးစားပေးနိုင်ငံတွေ ဖြစ်တယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။
ဒေသတွင်းအငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်ရဲ့ကိုယ်ပိုင်နယ်မြေလို လုပ်ဆောင်မှုတွေ ပိုများလာတဲ့ အခြေအနေကို တိုက်ဖျက်ရေး ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားတာပါ။
JICA အနေနဲ့ အကူအညီပေးသွားမယ့် အစီအစဉ် အသေးစိတ်ကို ၂၀၂၅ မတ်လမှာ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
အဲဒီလေးနိုင်ငံရဲ့ တစ်နိုင်ငံချင်းစီအတွက် ဂျပန်က ဒရုန်းတွေ ရေဒါစနစ်တွေနဲ့ ကင်းလှည့်ယာဉ်တွေအပြင် တခြားစွမ်းပကားတွေကို တိုးမြှင့်ဖို့ ကူညီပေးသွားမှာဖြစ်တဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဂျပန်အရာရှိတွေနဲ့ အထူးကျွမ်းကျင်သူတွေဟာ ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ လေ့လာမှုတွေပြုလုပ်ခဲ့သလို ကွင်းဆင်း စစ်တမ်းကောက်ယူမှုတွေကို ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မလေးရှားနဲ့ ဗီယက်နမ်တို့မှာလည်း ဧပြီလအတွင်း ဂျပန်က အလားတူလုပ်ဆောင်သွား မှာဖြစ်တယ်လို့ သိရပါတယ်။
ညွှန်ကြားရေးမှူးချုပ် တာနာကာ ဟီရူးဦးဆောင်တဲ့ JICA ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလက မနီလာကို သွားရောက်ပြီး ဖိလစ်ပိုင်မှာ ရေပြင်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းတွေကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါရဲ့ ဖိလစ်ပိုင်ခရီးစဉ်အတွင်း ကမ်းရိုးတန်း စောင့်ကြည့်ရေး ရေဒါတွေ ဂျပန်က ချထားပေးမယ့် နှစ်နိုင်ငံသဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို သူတို့အပိုင်ဖြစ်တယ်လို့ ပြောဆိုထားတဲ့ တရုတ်ဟာ တခြားနိုင်ငံတွေရဲ့ ပိုင်နက်တွေကိုလည်း ခြိမ်းခြောက်နေပြီး လောလောဆယ်မှာ ဖိလစ်ပိုင်နဲ့ ရေပြင်ဆိုင်ရာ ကြီးမားတဲ့ အငြင်းပွားမှုဖြစ်ပေါ်နေတာပါ။
Ref:RFA