ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ယန္တရားလည်ပတ်မှုအတွက် အထူးအရေးပါတဲ့ အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေ ချမှတ်ထားနိုင်ဖို့ စနစ်တကျ စီစဉ်ဆောင်ရွက်နေတယ်လို့ KNU က ဆိုပါတယ်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ(၉၇)၊ ခလရ(၃၄၃)၊ ခလရ(၅၄၈)၊ ခမရ (၂၀၇)၊ ခမရ(၂၀၁) နဲ့ ခမရ(၂၀၃) တပ်ရင်းတို့ဟာ လူမရှိတော့တဲ့နေအိမ်တွေမှာ အခွင့်ကောင်းယူပြီး တန်ဖိုးရှိပစ္စည်းတွေ ဖောက်ထွင်းတာ၊ နေအိမ်တွေကို မီးတင်ရှို့တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မြို့တွင်း ဒေသခံပြည်သူပိုင် နေအိမ်တွေကို ထိခိုက်ပျက်စီးအောင် ရည်ရွယ်ချက်နဲ့ လက် နက်ကြီး လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ နေ့စဉ်နဲ့အမျှ လိုက်လံ ဗုံးကြဲပစ်ခတ်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အမျိူးသားညီညွတ်အစိုးရ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသကလည်း ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ် ၉ ခုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း စိုးမိုးထိန်းချုပ်ထားပြီလို့ မနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.